▪️ရဲစခန်းရောက်မှ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းပစ်နေ
စစ်ကိုင်းတိုင်း အင်းတော်မြို့ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ မြို့အနီးဝန်ကျင် လှည့်ကင်းထွက်စဥ် KIA ၊ PDF ပူးပေါင်းတပ်နှင့် လမ်းတွင် သွားဆုံရာ နောက်ကြောင်းပြန်လှည့်ပြေးခဲ့ကြောင်း အင်းတော်တော်လှန်ရေးအင်အားစု(IR)က ယနေ့ (ဇွန် ၂၈)ထုတ်ပြန်သည်။
ယနေ့ နေ့လယ်ပိုင်းက အင်းတော်မြို့အနီး မြစ်ကြီးနား – မန္တလေး ဗျူဟာလမ်းပေါ် စစ်ကောင်စီတပ်လှည့်ကင်းနှင့် PDF ပူးပေါင်းတပ်များ ထိပ်တိုက်တွေ့ဆုံစဥ် စစ်ကောင် စီတပ်များ နောက်ကြောင်းပြန်ပြေးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ထို့နောက် နောက်ကြောင်းပြန်လှည့်ပြေးရာ မြို့အဝင်စစ်ဆေးရေးဂိတ်ကိုပါ ပိတ်သိမ်းသွားပြီး အင်းတော်ရဲစခန်းဝင်းရောက်ချိန်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ PDF ၊ KIA တွေနဲ့ စခတွေနဲ့ ကားလမ်းမှာ မတော်တဆဆုံလိုက်တာ။ အဲ့တာ ဟိုကောင်တွေက မြို့ထဲလှည့်ပြေးပြီး ရဲစခန်းကနေ ကြောက်အားလန့်အားနဲ့ ဖောက်နေတာ”ဟု IR Team မှ ရဲဘော်တစ်ဦးက ပြောသည်။

အင်းတော်ရဲစခန်းဝင်းမှနေ၍ စစ်ကောင်စီတပ်များပစ်ခတ်သော လက်နက်ကြီးကျည်အချို့မှာ မြို့တောင်ဘက်ရှိ ပျိုးနှုတ်နေသူများအနီး တစ်လုံးကျကာ လယ်ပြင်ရွာဘုန်းတော်ကြီးကျောင်း၊ စွမ်းစားဆောင်အား တစ်လုံးထိမှန်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပျိုးနှုတ်နေသူများမှာ အချိန်မီရှောင်တိမ်းနိုင်ခဲ့၍ ထိခိုက်မှုမရှိခဲ့သော်လည်း လယ်ပြင်ရွာဘုန်းကြီးကျောင်းမှ စွမ်းစားဆောင်အုတ်ခုံထိမှန်၍ အနည်းငယ်ပျက်စီးပြီး မှန်အချို့ကွဲသွားကြောင်း သိရသည်။
လက်ရှိတွင် အင်းတော်မြို့ခံများမှာ စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုများကြောင့် စိုးရိမ်ထိတ်လန့်လျှက်ရှိကြကြောင်း IR Teamက အသိပေးထားသည်။
