လားရှိုး – မူဆယ် ပြည်ထောင်စုလမ်းမကြီးဘေးတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ရှမ်းမြောက်ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးတပ်ဖွဲ့ (PSDA)က တိုက်ခိုက်ခဲ့သည်။
ပြည်ထောင်စုလမ်းမကြီးလမ်းပိုင်းရှိ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာနှင့် ပန်ကိုင်ကျေးရွာကြားရှိ လမ်းဘေးတောင်ကုန်းတစ်ခုပေါ်တွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ကို ဇွန် ၂၄ရက်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က သုံးဦးထက်မနည်းသေဆုံးခဲ့ကြောင်း PSDAက ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်ကောင်စီ တပ်မ (၉၉)လက်အောက်ခံ ခမရ(၄၁၇)မှ ကင်းပုန်းဝပ်၍ စစ်ရေးလှုပ်ရှာမှုများပြုလုပ်နေသောကြောင့် ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ မှ(၁၁၁)တပ်ရင်းနှင့် (၂၂၂)တပ်ရင်း ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။
” မနက်စောစောမှာ သေနတ်သံတွေကြားတယ်။ မနက်လင်းချိန်မှာတော့ (၄၁၇)တပ်ရင်းထဲကနေ လူနာတင်ကားတွေ ထွက်သွားတာ မြင်တယ်”ဟု နမ့်ဖက်ကာဒေသခံတစ်ဦးက ပြောသည်။
ကွတ်ခိုင်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်အဖွဲဲ့လည်း စစ်ရေးတင်းမာနေသည်။ ဇွန်လ ၂၃ရက်က စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် စစ်ဘေးရှောင်စခန်းအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနှစ်ဦးသေဆုံးခဲ့ရသည်။
