အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်များပြည်သူများအားကူညီရန် ကံစမ်းမဲလက်မှတ်များ စတင်ရောင်းချနေပြီဖြစ်ကြောင်း သရုပ်ဆောင်ချစ်သုဝေက အသိပေးထားသည်။
“အိမ်” ဆိုတာ မရှိတော့တဲ့ Treza က တလရ ဟာ “ဘဝ” ဖြစ်နေပြီမို့….”အိမ်” ဆိုတာ မျက်စိရှေ့မှာတင် ပျာပုံဖြစ်လို့ ဘဝတွေ နေ့တွင်းညတွင်းချင်း ပျောက်သွားရသူတွေကို ကူဖို့တတ်တဲ့ပညာလေးနဲ့ “အိမ်” အလှဆင် ပစ္စည်းတချို့ လုပ်ထားပါတယ်.”ဟု ဇွန်လ ၂၅ ရက် ညနေတွင် ချစ်သုဝေက သူမ၏ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

လက်မှတ်တစ်စောင်လျှင် ကျပ်တစ်သောင်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး m.me/WeSupportHeroes ပေ့ခ်ျတွင် ဝယ်ယူနိုင်မည်ဖြစ်သည်။
ယခုတစ်ကြိမ်ကံစမ်းမဲအတွက် ချစ်သုဝေက ထမင်းစားပွဲတင်အလှဆင်ရသည့် စားပွဲခင်းနှင့်ခွက်အောက်ခံများကို Macrame ထိုးထားခြင်းဖြစ်ပြီး စုစုပေါင်း သုံးစုံမဲဖောက်ပေးမည် ဖြစ်သည်။

ချစ်သုဝေက ပြီးခဲ့သည့်နှစ်နှစ်ကုန်ပိုင်းမှစတင်၍ နွေဦးတော်လှန်ရေး၏ လိုအပ်သည့်နေရာများသို့ လှူဒါန်းနိုင်ရန် Macrame များကိုယ်တိုင်ပြုလုပ်၍ ကံစမ်းမဲလက်မှတ်များပြုလုပ်ကာ လှူဒါန်းမှုများပြုလုပ်နေခြင်းဖြစ်သည်။
ချစ်သုဝေက (၆)ကြိမ်မြောက် Macrame Project ကို မေလအတွင်းကပြုလုပ်ခဲ့ပြီး လိုအပ်သည့်နေရာများကို ကျပ်သိန်း၇၀၀ ကျော်လှူဒါန်းနိုင်ခဲ့သည်။
