အစိုးရ လျှို့ဝှက်အက်ဥပဒေနဲ့စွဲဆိုထားတဲ့ အမှုအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မနက်ဖြန်မှာနေပြည်တော် အချုပ်ထောင်ကတရားရုံးမှာ ရုံးထုတ်စစ်ဆေးမယ်လို့သိရပါတယ်။
နေပြည်တော်အချုပ်ထောင်မှာ ဆောက်လုပ်ထားတဲ့တရားရုံးပြီးစီးပြီဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုတွေ ကို အဲဒီတရားရုံးမှာပြောင်းရွှေ့စစ်ဆေးမှာကို တရားရုံးက မနေ့က အသိပေးထားခဲ့ပါတယ်။
ဒီနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထိန်းသိမ်းထားတဲ့နေရာကနေ နေပြည်တော်အချုပ်ထောင် ဆီ ပို့လိုက်တယ်လို့သတင်းတွေ ထွက်လာခဲ့ပါတယ်။
နေ့လယ်ပိုင်း ၂ နာရီလောက်က နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့လိုက်တာလို့ သတင်းတွေထွက်နေတာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
မနက်ဖြန် နေပြည်တော်အချုပ်ထောင်က တရားရုံးမှာ ပထမဦးဆုံးရုံးထုတ်စစ်ဆေးမယ့် အမှုကတော့ NLD အစိုးရ စီးပွားရေးအကြံပေး သြစတြေးလျ နိုင်ငံသားပါမောက္ခရှောင်တာနယ်နဲ့ဆက်စပ်တဲ့အမှုဖြစ်ပါတယ်။
အာဏာသိမ်းပြီးနောက် ရှောင်တာနယ်ကို စစ်ကောင်စီက ဖမ်းဆီးရာမှာ စီးပွားရေးဆိုင်ရာစီမံကိန်းစာရွက်စာတမ်းတွေ တွေ့ရတယ်ဆိုပြီး ရှောင်တာနယ်နဲ့အတူ ၊ဒေါ်အောင်ဆန်းစုကြည် ၊NLD အစိုးရ လက်ထက် စီးပွားရေးဝန်ကြီး ၃ ဦးကို အစိုးရ လျှို့ဝှက်ချက်ဥပဒေနဲ့စစ်ကောင်စီက တရားစွဲဆိုထားတာပါ။
