အမျိုးသမီးစစ်သည်များဘေးလွတ်ရာတိမ်းရှောင်နိုင်ပြီးစစ်တပ်ကပြည်သူကိုဓါးစာခံလုပ်ထား၍ မိုင်းမဆွဲနိုင်ခဲ့
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အမျိုးသမီးစစ်သည်စခန်းအားဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့သည့်စစ်ကောင်စီတပ်အားဒရုန်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာစစ်သား ၂ဦးသေဆုံးခဲ့သည်ဟု မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)က သတင်းထုတ်ပြန်သည်။
ဇွန်လ၁၁ရက်နံနက်ပိုင်းကမြောင်နယ်အတွင်းစစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်အားမြောင်မြို့နယ်တော်လှန်ရေးတပ်(MRA) စခန်းဌာနခွဲ( ၂) (အမျိုးသမီးစစ်သည်စခန်း)အား ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း MRAက အသိပေးသည်။

အမျိုးသမီး စစ်သည်များမှာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနိုင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းစဥ် ပြည်သူများအား ဓါးစာခံအဖြစ် ခေါ်ဆောင်လာသောကြောင့် မိုင်းဆွဲခြင်း၊ ခြုံခိုတိုက်ခိုက်ခြင်း မပြုဘဲ ခြုံအတွင်း ကင်းပုန်းဝပ်နေသော အကြမ်းဖက်စစ်သားနှစ်ဦးအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ တပ်သားနှစ်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း MRA၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အကြမ်းဖက်စစ်တပ်သည် ၎င်းတို့တိုက်ခိုက်မခံရစေရန်ပြည်သူများအား ဓါးစာခံအဖြစ် အသုံးချလေ့ရှိပြီး ထိုသို့ဖမ်းဆီးအသုံးချခံထားရပါက ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တိုက်ခိုက်ရန်အခက်အခဲရှိကြောင်း၊ပြည်သူများအနေဖြင့်အကြမ်းဖက်စစ်တပ်စစ်ကြောင်းထိုးလာပါက ဘေးလွတ်ရာသို့ အမြန်ဆုံးရှောင်ရှားကြရန် MRAကသတိပေးသည်။
မြောင်မြို့နယ် တော်လှန်ရေးတပ်(MRA)သည်ပြောက်ကျားစစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပြီဖြစ်ပြီး၊ ပြည်သူများ အထိအခိုက်မရှိစေရန် ဂရုပြုလုပ်ဆောင်နေသလို ပြည်သူများအနေဖြင့်လည်းအကြမ်းဖက်စစ်တပ်၏ လှုပ်ရှားမှုကို သတိကြီးကြီးထား၍ ဂရုတစိုက် ရှောင်ရှားသွားလာကြရန် MRAက နှိုးဆော်သည်။
