စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မြို့တွင်းအပါအဝင် မုံရွာ-မန္တလေးလမ်းပေါ် နေရာသုံးနေရာ၌ စစ်ကောင်စီတပ်အားသုံကြိမ်တိုင်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနှစ်ဦးထက်မနည်းသေဆုံးကြောင်းချောင်းဦး PDFက သတင်းထုတ်ပြန်သည်။
ဇွန်လ ၃ ရက်နေ့က ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တပ်ခွဲ ၂ ခုက နေရာသုံးနေရာတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ချောင်းဦးမြို့ ပြည်သူ့အားကစားကွင်းအနီးတွင်လမ်းကြောင်းမိုင်းရှင်းလင်းရန်လာသည့်စစ်ကြောင်းမှလေးဦးပါအဖွဲ့အား ချောင်းဦး PDF တပ်ခွဲ ၁ က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ချောင်းဦး PDF က ပြောသည်။
ထို့အပြင် ငါးယှန်ရွာနှင့် နတ်ရေကန်ရွာအကြား မုံရွာဘက်မှ မန္တလေးဘက်သို့ ထွက်ခွာလာသောစစ်ကောင်စီတပ်ယာဥ်တန်းအား ချောင်းဦး PDF တပ်ခွဲ ၂ မှ ပဒေသာမိုင်းဖြင့်မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ချောင်းဦး PDF က ပြောသည်။
အလားတူ နတ်ရေကန်ရွာနှင့် ရေပိုးစားရွာကြားတွင်လည်း မန္တလေးဘက်မှ မုံရွာဘက်သို့ ထွက်ခွာလာသောစစ်ကောင်စီတပ်ယာဥ်တန်းအား ချောင်းဦး PDF တပ်ခွဲ ၂ မှ ပဒေသာမိုင်းခွဲ၍ တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ စုံစမ်းနေဆဲဖြစ်ကြောင်း ချောင်းဦး PDF က ပြောသည်။
အထက်ပါ တိုက်ခိုက်မှု သုံးခုနှင့်ပတ်သက်၍ ချောင်းဦး PDF အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီးပြန်လည်ဖြေကြားခြင်းမရှိသေးပါ။
ယမန်နေ့ နံနက်(၁၁)နာရီဝန်းကျင်ကလည်း မုံရွာ – မန္တလေးလမ်းမကြီးပေါ် ချောင်းဦးမြို့မှထွက်ခွာလာသည့်အကြမ်းဖက်စစ်ကောင်စီ၏ မိုးကာအနီကြားအုပ်ထားသည့် ကားငါးစီးတိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့သည်ဟုသိရသည်။
ထိုအပြင်နေ့လယ်ပိုင်းကလည်း မုံရွာ – မန္တလေး လမ်းမကြီး၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတစ်နေရာတွင် အစီးငါးဆယ်ကျော်ပါသည့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းအား မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း People’s Defence Force – South Monywa က ပြောသည်။
