▪️စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို
စစ်ဘေးရှောင်ပြည်သူများအား ဖမ်းဆီးရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို ကန့်ဘလူနှင့် ခင်ဦးဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးသွားခဲ့သည်။
တိုက်ပွဲသည် ကန့်ဘလူမြို့နယ်၊ မူးဘောင်ရေတံခါးအနီးတွင် ယမန်နေ့(မေလ ၂၉ရက်)ညနေက ဖြစ်ပွားခဲ့ခြင်းဟု ခင်ဦးမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ကျေးရွာဘုန်းကြီးကျောင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဖမ်းဆီးရန် စစ်ကောင်စီအင်အား ၃၀ခန့်က ဆိုင်ကယ် ၁၅စီး၊ ကားနှစ်စီးဖြင့် လာရောက်စဥ် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ခင်ဦးက ပြည်သူတွေက စစ်ကောင်စီလက်ကလွတ်အောင် ကန့်ဘလူမှာစစ်သွားရှောင်နေကြတာ။ခွေးတပ်က အရပ်သားတွေကို လိုက်မဲနေတာ”ဟု ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦးက ပြောသည်။
မူးဘောင်ရေထိန်းတံခါးအနီး တိုက်ခိုက်မှုတွင် စစ်ကောင် စီဘက်က သုံးဦးသေဆုံးပြီး ကျောက်တိုင်ရွာအနီးတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားလေးဦးထပ်မံသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ကန့်ဘလူ UG (စိန်ဗေဒါ)နှင့်ခင်ဦး ဒေသခံကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီသည် မေလ ၂၉ရက် နံနက်ပိုင်းတွင် ခင်ဦးမြို့နယ် သရက်ချောင်းကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။ စစ်ကောင်စီရန်ကြောင့် သရက်ချောင်းအပါအဝင် ကျေးရွာငါးရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
