စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားရဲစခန်းနှင့် အနီးဝန်းကျင်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက နှစ်ကြိမ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၆ဦးသေဆုံးကြောင်းဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ပြောသည်။
ယနေ့(ဇွန်လ ၁၂ရက်နေ့)ညနေ (၃) နာရီခန့်တွင် ပူးပေါင်းအဖွဲ့များက ရှိန်းမကား နယ်မြေရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ရဲစခန်းအတိုက်ခံရသဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်( နမခ)မှ Mi-35 ရဟတ်ယာဥ်ဖြင့် ညနေ (၆) နာရီခန့်တွင် တရစပ် လာရောက် ပစ်ခတ်သောကြောင့်စခန်းမသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း မဟာမိတ်အဖွဲ့များက ပြောသည်။
စခန်းသိမ်းတိုက်ပွဲတွင် ရဲဘော် ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၃ ဦးသေဆုံးကြောင်း ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့အပြင်ယနေ့နံနက်ပိုင်းကလည်း ဝက်လက်မြို့နယ် ရှိန်းမကားတောင်ဘက် ဘေးမဲ့တောအနီးရှိ တဲများကို စစ်ကောင်စီတပ်ကမီးရှို့နေစဥ် မဟာမိတ်အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ထိုသို့ တိုက်ခိုက်ခဲ့ရာတွင် အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးကြောင်း မဟာမိတ်အဖွဲ့များက အသိပေးသည်။
အဆိုပါစစ်ဆင်ရေးများအား တောကြီးမြွေပွေး၊လျှပ်စီးပြောက်ကျား-ဝက်လက်၊ GZ Special Task Force၊ နယ်စည်းမခြားတော်လှန်ရေးအင်အားစု၊Adventure၊Tiger King ၊ဒေါင်းစစ်သည်၊စဥ့်ကူးပ.က.ဖ ၊မတ္တရာ ပ.က.ဖ နှင့် ဒေသတွင်းPDFများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း ၎င်းတို့က အသိပေးသည်။

ဒဏ်ရာရPDF ရဲဘော် သုံးဦးမှာသက်သာကြောင်းမတ္တရာ ပကဖ မှတာဝန်ရှိသူတစ်ဦးကပြောသည်။
အကြမ်းဖက်စစ်တပ်သည် ရဟတ်ယာဥ်များ၊ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ရှိမ်းမကားရွာအပါအဝင် ဝက်လက်မြို့နယ်အတွင်းရှိ လှတော၊ ရွှေကျင်၊ ဥယျာဉ်မ၊ သန်းတောကြီး၊ မဲကုန်း၊ ကျီးရည်းကုန်း အစရှိသည့်ကျေးရွာများမှ ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ပြည်သူများ အနေဖြင့် ဇွန်လ ၁၃ရက်နေ့မှစပြီး ဗျူဟာလမ်း(ခရိုင်ချင်းဆက်လမ်း)အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ (PDFများ)မှ တစ်စုံတစ်ရာ မထုတ်ပြန်မချင်း ဖြတ်သန်းသွားလာခြင်းမပြုရန်လည်းသတိပေးထားသည်။
