ဖားကန်မြို့ နယ် ဆယ်ဇင်းရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနေ၍ ဒေသခံရေဘေးသင့်ပြည်သူများကို ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်က ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့ကြသည်။
ဆယ်ဇင်းကျေးရွာသည် ကေအိုင်အေ တပ်မဟာ (၉) တပ်ရင်း (၂၆) အခြေစိုက်ရာဒေသဖြစ်ပြီး သုံးရက်ဆက်မိုးကောင်းပြီးနောက် ယနေ့(ဇွန် ၁၂) ရေဘေးကြုံတွေ့ရခြင်းဖြစ်သည်။
“လူထိခိုက်မှုတော့ မရှိဘူး။အရေးပေါ်ပြောင်းရရွှေ့ရတာတွေနဲ့လတ်တလော စားနပ်ရိက္ခာအတွက်ကေအိုင်အေနဲ့ PDFတပ်ဖွဲ့ဝင်တွေလာကူညီပေးတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ဆယ်ဇင်းကျေးရွာသည် ဟုမ္မလင်းမြို့နယ်နှင့်ထိစပ်နေပြီး ရွှေတူးလုပ်ငန်းအများအပြားရှိသည့် ဒေသဖြစ်သည်။ လတ်တလော ရေကြီးနစ်မြုပ်မှုကြောင့် လူဦးရေ သုံးရာခန့် ဘေးလွတ်ရာတွင် ယာယီတိမ်းရှောင်နေရသည်။

ဖားကန့်ဒေသသည်နှစ်ပေါင်းများစွာ ကျောက်စိမ်းအလွန်အကျွံတူးဖော်မှုကြောင့် တောတောင်များ မရှိတော့ခြင်း၊ဥရုချောင်းအပါအဝင် ချောင်းများကော၍ ရေလမ်းကြောင်းပြောင်းလဲခြင်း ၊သစ်တောများပြုန်တီးခြင်းစသည်တို့ကြောင့်မိုးသည်ထန်စွာရွာသွန်းသည်နှင့် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည်။
လွန်ခဲ့သည့် သုံးရက်ကပင် ဖားကန့်တွင် ကျောက်စိမ်းတူးပြီးစွန့်ပစ်ထားသောကျင်းအတွင်း ကားပြုတ်ကျ၍ လသားအရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်သုံးဦး ပျောက်ဆုံးနေပြီး ကားမှာ ရေအနက် ၈၀ ကျော်မှ ပြန်လည်ဆည်ယူရခဲ့သည်။ မိသားစုဝင်သုံးဦး ပျောက်ဆုံးနေသည်မှာ သုံးရက်ရှိပြီဖြစ်၍ အသက် ရှင်လွန်မြောက်ရန် မျှော်လင့်ချက်မရှိသလောက်ဖြစ်ကြောင်းဒေသခံအချို့ကပြောသည်။
