ကချင်ပြည်နယ် ရွှေကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလားသည့် စစ်ကောင်စီတပ်နှင့် ယမန်နေ့က တစ်နေ့လုံးနီးပါး တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် များပြားခဲ့ကြောင်း မြို့လှ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)က သတင်းထုတ်ပြန်သည်။
ဇွန်လ ၁၂ရက်က ရွှေကူနယ် ရွှေငြိမ်းချမ်းရွာမှ ကျောက်ကြီးရွာဘက်သို့ ခြေလျှင်စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ ခမရ ၄၁၅ တပ်နှင့် မြို့လှ KPDF တပ်တို့ နံနက် ၁၀နာရီခန့်မှစ၍ တစ်နေကုန်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟုအသိပေးသည်။
အဆိုပါ တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၅၀ဦးခန့် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ စစ်ကူထပ်မံ ရောက်ရှိလာ၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ဇွန်လ ၁၂ရက် ညပိုင်း၌ သတင်းထုတ်ပြန်ခဲ့ပြီး အသေးစိတ်သတင်းများကို ဆက်လက်ဖော်ပြမည်ဟု အသိပေးထားသည်။ စစ်ကောင်စီတပ် သေဆုံးဒဏ်ရာရမှုနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်သေးပါ။ စစ်ကောင်စီကလည်းတိုက်ပွဲသတင်းများကိုသတင်းအမှောင်ချထားလေ့ရှိပြီး အထူးသဖြင့် ၎င်းတို့အထိနာလျှင် ထုတ်ပြန်လေ့မရှိပေ။
မြို့လှ KPDFသည် ဒေသတွင်း စစ်ကြောင်းထိုးလားသည့် စစ်ကောင်စီတပ်များ၊ စစ်ကောင်စီသင်္ဘောများကို မကြာခဏ တိုက်ခိုက်နေသည့် ပြည်သူကာကွယ်ရေးတပ် ဖြစ်သည်။
