စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဆက်သွယ်ထားသည့် ချောင်းဦး – ပခုက္ကူလမ်းပိုင်းရှိ ဆင်ဖြူရှင်တံတားစစ်ဆေးရေးဂိတ်ကို PDF များတိုက်ခိုက်သိမ်းပိုက်နိုင်ပြီးနောက်ချောင်းဦး-ပခုက္ကူလမ်းပိုင်းကို အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်းချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးကြေညာသည်။
ချောင်းဦး-ပခုက္ကူလမ်းပိုင်းကိုအရေးပေါ်လိုအပ်ချက်အခြေအနေအရ ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDF ၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ယာယီပိတ်ထားချိန်အတွင်းကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို့၏လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ချောင်းဦး PDFကသတိပေးသည်။

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသေမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန်လည်း ချောင်းဦး PDFကမေတ္တာရပ်ခံသည်။
စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းတို့ကိုဆက်သွယ်ထားသော ဆင်ဖြူရှင်တံတားကိုယနေ့မွန်းလွဲ၁နာရီကဒေသကာကွယ်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
မကွေးတိုင်းရှိ ရေစကြိုမြို့နယ်PDF၊မြိုင်မြို့နယ် PDF နှင့် စစ်ကိုင်းတိုင်းရှိဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် (Salingyi Special Task Force)တို့ကပူးပေါင်း၍ တိုက်ပွဲဖြစ်ကာသိမ်းပိုက်ခဲ့သည်။
တံတားစောင့် ရဲနှင့်စစ်သား၃ဦးသေဆုံးပြီး၊ဒဏ်ရာရစစ်သားများအများအပြားထွက်ပြေးကာ ၁ဦး အရှင်မိခဲ့သည်။ ဂျီသရီး ၄ လက်၊ အူစီ ၃ လက် ၊ခြောက်လုံးပြူး ၁ လက် နှင့် ကျည် ( ၁၀၀၀ ) ၊ဆိုင်ကယ် ( ၄) စီး ၊ငွေကျပ်သိန်း၁၀၀ကျော်နှင့်ဗုံး ၁လုံး သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းတို့ကအသိပေးသည်။
ထို့အပြင် စစ်ကူလာသည့် စစ်ကားတစ်စီးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမှ မိုင်း၆လုံးဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးလုံးစုတ်ပျက်သွားပြီး အများအပြား ဒါဏ်ရာရကာ စစ်သား၁၀ဦးခန့် နေရာတွင် ပွဲချင်းပြီးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်က သတင်းထုတ်ပြန်ခဲ့သည်။
