လှိုင်မြို့နယ် အမှတ်(၁)ရပ်ကွက်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို ယနေ့(ဇွန် ၅)နံနက်ပိုင်းတွင် အမည်မသိအဖွဲ့တစ်ခုက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ကိုဖိုးကျော်ဆိုသူသည် ယနေ့နံနက် ၆ နာရီခန့်က အောင်မေတ္တာ(၅)လမ်းအတွင်း လမ်းလျှောက်စဥ် သေနတ်ဖြင့် လေးချက်အပစ်ခံခဲ့ရခြင်းဖြစ်သည်။
“သူ့ကို ယာယီအုပ်ချုပ်ရေးမှူး ခန့်ထားတာ။ ဒီနေ့မနက် ၆ နာရီလောက် အောင်မေတ္တာ (၅)လမ်းထဲ ပစ်ခံရတာ။ သေနတ်အကျယ်ကြီးပဲ”ဟု ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
ပစ်ခတ်ရှင်းလင်းခံရသူ ကိုဖိုးကျော်သည် ၎င်း၏တူများအား လက်ဖက်ရည်သောက်ရန်သွားခေါ်စဥ် လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး နားထင်တစ်ချက်၊ လည်ပင်းတစ်ချက်၊ ဝမ်းဗိုက်တွင်နှစ် ကျည်ဖောက်ဝင်ပြီး ယင်းဒဏ်ရာဖြင့်ပင်သေဆုံးသွားကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
အထက်ပါပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များ အခင်းဖြစ်နေရာသို့ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
