ကျောက်ပန်းတောင်းမြို့နယ် ဘိုတဲကျေးရွာနေ မြင်းခြံ အဝေးသင်တက္ကသိုလ်ကျောင်းသားများ ဖြစ်သောအသက် ၂၁နှစ်အရွယ် ကိုဟိန်းဇေယျာဖြိုး နှင့် အသက် ၂၀ အရွယ် ကိုဟိန်းဇေယျာဦးတို့ကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ကျောက်ပန်းတောင်း ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။
အဆိုပါ လူငယ် နှစ်ဦးကို ဇွန်လ ၁ရက်တွင် လက်ပံပျားရဲစခန်းက ဖမ်ဆီးသွားပြီးနောက်ဇွန်လ ၃ရက်တွင် ရဲစခန်းက တပ်မ ၉၉ ထံ လွှဲပြောင်းပေးခဲ့ရာ ယနေ့ (ဇွန်လ ၄ရက်) နံနက် အစောပိုင်း စစ်ကြောရေးစခန်းတွင် သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟုဆိုသည်။ စစ်ကြောရေးစခန်းတွင် ဟိန်းဇေယျာဦး၏ ဦးခေါင်းအား သေနတ်ဖြင့်တေ့ပစ်ပြီး ဟိန်းဇေယျာဖြိုးအား သေနတ်ဖြင့်ပစ်ခတ်ကာ သွေးထွက်လွန်၍ ကျဆုံးခဲ့ရသည်ဟု ဖော်ပြထားသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသောလူငယ်နှစ်ဦးသည် ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ တပ်ခွဲ ၂ မှ ရဲဘော်များဖြစ်ပြီးဖမ်းဆီးခံရစဉ်အတွင်းအကြမ်းဖက်စစ်ကောင်စီ၏ နှိပ်စက်ညှင်းပန်းမှုများကို ကြံ့ကြံ့ခံကာ သစ္စာရှိရှိ ရဲဝံ့စွာ ထုတ်ဖော်မပြောဆိုဘဲ နောက်ဆုံးအချိန်ထိတိုက်ပွဲဝင်ခဲ့ကြကြောင်း ဖော်ပြထားသည်။
ကျဆုံးသွားသောရဲဘော်နှစ်ဦးအား ယနေ့ နေ့ခင်းသုံးနာရီ အချိန်တွင် မိဘဆွေမျိုး များအား အသိပေးကြောင်းကြားမှုမပြုဘဲ မီးသင်္ဂြိုဟ်ခဲ့ကြောင်း၊ ရဲဘော်ဟိန်းဇေယျာဖြိုးနှင့် ဟိန်းဇေယျာဦးတို့၏ သစ္စာရှိရဲဝံ့စွာတိုက်ပွဲဝင်ခဲ့မှုအတွက် မြို့နယ်တော်လှန်ရေးအဖွဲ့ များအားလုံးက အာဇာနည်များအဖြစ် အသိအမှတ်ပြု ဂုဏ်ပြုပြီး ဝမ်းနည်းကြေကွဲပူဆွေးလျက်ရှိကြကြောင်း ထုတ်ပြန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီအား လက်တုံ့ပြန်သွားမည်ဟု ဖော်ပြသည်။
စစ်အာဏာရှင် စနစ်ပြုတ်ကျပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ရောက်ရှိသည် အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ကျောက်ပန်းတောင်း PDFက ထုတ်ပြန်သည်။
မေလ ၂၆ ရက်နေ့က အကြမ်းဖက်စစ်တပ်နှင့် ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်တပ်ဘက်မှ အရာခံဗိုလ်တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသက် ၁၉ နှစ်အရွယ် ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။
မေလ ၃၁ ရက်ကကျောက်ပန်းတောင်းမြို့ လျှော်တောကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလင်မယားကိုPKG ကျောက်ပန်းတောင်းအဖွဲ့က သုတ်သင်ရှင်းလင်းခဲ့သည်။အုပ်ချုပ်ရေးမှူးကိုသေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းရာဇနီးဖြစ်သူက ခုခံသဖြင့်၎င်းကိုပါ မလွှဲမချောင်သာရှင်းလင်းခဲ့ရကြောင်း PKG ကျောက်ပန်းတောင်းကအသိပေးသည်။အုပ်ချုပ်ရေးမှူးလင်မယားအသတ်ခံရပြီးနောက် စစ်ကောင်စီတပ်ကားများကလာရောက်ပြီး ဒေသခံ၂၀ ဦးခန့်ကိုဖမ်းဆီးပြီး လျှော်တောရွာရှိတဲအိမ်အချို့ကိုမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရသည်။
