စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ ကိုင်းမကျေးရွာကို စစ်ကောင်စီတပ်က ယနေ့နံနက် ၁၀နာရီခန့်မှစတင်ကာ မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများက ပြောသည်။
အိမ်ခြေ ၃၀၀ခန့်ရှိသည့် ကိုင်းမရွာကို ယမန်နေ့(ဇွန် ၄ရက်)ညက စစ်ကြောင်းထိုးပြီးနောက် ယနေ့ (ဇွန် ၅ ရက်)နံနက်တွင် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အရပ်သားတွေကို ပစ်မှတ်ထားပြီး လုပ်နေတာ။ ရွာခံတွေ ထွက်ပြေးနေကြရတယ်။ လက်နက်သာ ရှိနေရင် ကောင်းမှာဗျာ။ရသလောက် ကူညီကြပါ”ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်တစ်ဦးက ပြော သည်။
ကိုးတောင်ဘို့ရွာ အပါအဝင် အနီးဝန်းကျင်ကျေးရွာများတွင် ဇွန်လ၂ရက်ကတည်းက စစ်ကောင်စီသည် စစ်ကြောင်းထိုးမွှေနှောက်နေခြင်း ဖြစ်သည်။ ဇွန်လ ၃ရက် နေ့လယ်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာနှစ်စင်းဖြင့် လေကြောင်းမှ တိုက်ခိုက်ပြီးနောက် တပ်ဖွဲ့ဝင် ၁၀၀ခန့်ကို ရဟတ်ယာဥ်ဖြင့် ပို့ဆောင်ခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ခန့်သည် ကွက်သစ်ကျေးရွာ အောင်သဒ္ဓိကျောင်းဝင်းအတွင်း တပ်စွဲထားပြီး အနီးဝန်းကျင်ကျေးရွာများကို အကြမ်းဖက်တိုက်ခိုက်နေသည်ဟု ဒေသခံများက ပြောသည်။
ယနေ့ မီးရှိူ့ဖျက်ဆီးမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေ အနေကို မသိရေသေးသော်လည်း ဇွန်လ ၂ရက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုတွင် အရပ်သားသုံးဦး သေဆုံးခဲ့ရသည်။
စစ်ကောင်စီသည် ယခုအခါ ကန့်ဘလူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားမှုပိုမိုပြုလုပ်လာပြီး ကန့်ဘလူ – နတ်အင်း- စံပယ်နံ့သာလမ်းကြောတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၅၀ဝန်းကျင် တပ်ချထားကြောင်း၊ ဖုန်းလိုင်းများလည်း ဖြတ်တောက်ထား၍ ယခုရက်ပိုင်း ခရီးသွားလာခြင်းများ မပြုလုပ်သင့်ကြောင်း ဒေသတွင်း သတင်းများဖော်ပြပေးနေသည့် Infinity Group က သတ််ိပေးထားသည်။
