ဖရူဆိုမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီယာဥ်တန်းနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး မော်တော်ယာဥ်သုံးစီး မီးလောင်ပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ထုတ်ပြန်သည်။
ဖရူဆိုမြို့နယ် တနောကလော ကျေးရွာအနီး စစ်ကောင်စီမော်တော်ယာဥ်တန်းနှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မော်တော်ယာဥ် အစီး၄၀ပါ စစ်ကောင်စီယာဥ်တန်းကို မေလ ၃၀မှ ဇွန်လ ၂ရက်အထိ ကရင်နီတပ်မတော် (KA) နှင့် KNDFတို့မှ နန်းဖဲကျေးရွာနှင့် ထားလဲကျေးရွာအကြားတို့တွင် တိုက်ခိုက်ခဲ့သည်။
မေလ ၃၀ နှင့် ၃၁ရက်တို့တွင် နန်းဖဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ကားတစ်စီး မီးလောင်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ထို့အတူ ဇွန်လ ၁ရက်နှင့် ၂ရက်တို့တွင် ထားလဲကျေးရွာအနီး၌ စစ်ကောင်စီယာဥ်တန်းအား၊ ကရင်နီပူးပေါင်းတပ်ဖွဲ့မှ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ငါးဦးကျဆုံးပြီး ထိခိုက်မှုများပြားခဲ့ကြောင်း အသိပေး သည်။
ဇွန်လ၂ရက်တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိနာသဖြင့် ထားလဲနှင့် နန်းဖဲတို့တွင် လေကြောင်းပစ်ကူဖြင့် လာရောက်တိုက်ခိုက်ခဲ့ရသည်။

ယမန်နေ့က တိုက်ခိုက်မှုအတွင်း ကရင်နီပူးပေါင်းတပ်မှ စစ်ကောင်စီ၏ မော်တော်ယာဥ် နှစ်စီး၊ လက်နက်ငယ် (၄)လက်၊ Anti- Drome Jam mer တစ်လက်၊ လက်နက်ကြီး၊ လက်နက်ငယ်ကျည်အချို့နှင့်မြေမြုပ်မိုင်းအချို့ကို သိမ်းဆည်းရမိခဲ့သည်။
