မုံရွာ(နမခ)ကနေထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ယာဥ်တန်းသည် ယနေ့(ဇွန် ၁)နံနက်ပိုင်းအထိ ကျောမြို့(ကပစ)တွင် ရှိနေသေးကြောင်း ယောဒေသသတင်းများတင်ဆက်ပေးနေသော လူငယ်အဖွဲ့မှ ကိုရောင်နီက ပြောသည်။
အဆိုပါစစ်ယာဥ်တန်းတွင် သံချပ်ကာကားနှစ်စီးအပါအဝင် အစီးရေ ၁၀၀ ခန့်ပါဝင်ပြီး ဂန့်ဂေါဘက်သို့ ဦးတည်လာနိုင်သောကြောင့် ကားလမ်းအနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ သတိပြုနေထိုင်ကြရန် ယင်းတော်လှန် ရေးလူငယ်အဖွဲ့က တိုက်တွန်းသည်။
မေလနောက်ဆုံးပတ်တွင် မုံရွာ(နမခ)မှ ထွက်လာသော စစ်ယာဥ်တန်းသည် မေ ၃၀ တွင် နဂါးမတောင်အလွန် မိုင်တိုင် (၅၅)နှင့် (၅၇)တွင် ညအိပ်ရပ်နားပြီး ကျော(ကပစ)သို့ ယမန်နေ့(မေ ၃၁)ညနေပိုင်းတွင် ရောက်ရှိလာခြင်း ဖြစ်သည်။
ယနေ့(ဇွန် ၁)နံနက် ၁၀ နာရီခန့်အထိ အဆိုပါစစ်ကောင်စီယာဥ်တန်းမှာ တစ်စုံတစ်ရာလှုပ်ရှားမှုမတွေ့ရသေးဘဲ ကျော(ကပစ)၌ပင် ဆက်ရှိနေပြီး ကျောမှ ထွက်လာမှသာ မည်သည့်ဒေသသို့ ဦးတည်မည်ကို မှန်းဆနိုင်မည်ဟု ကိုရောင်နီက ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် မည်သည့်ဒေသ၌မဆို ၎င်းတို့စစ်ကြောင်း ဖြတ်သန်းသွားရာဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူများကို လူသားဒိုင်းအဖြစ်အသုံးပြုခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းနှင့် မထင်လျင်မထင်သလို သတ်ဖြတ်ခြင်းများ ကျူးလွန်လျက်ရှိသည်။
