▪️လမ်းမဘေးအစပ်များ ကပ်မောင်းခြင်းမပြုရန် နှင့် လမ်းမဘေးဝဲ/ယာ တောထက်မဝင်ရန် မေတ္တာရပ်ခံ
စစ်ကောင်စီတပ်ယာဉ်တန်းများ ဖြတ်သန်းသွားလာခြင်း အပါအဝင် စစ်ရေးအခြေအနေကြောင့် သွားလာခြင်းမပြုရန် တားမြစ်ထားသည့် ကျောက်ထု – ပခုက္ကူ လမ်းပိုင်းကို ယနေ့မှစ၍ ပြန်လည်အသုံးပြုနိုင်ကြောင်း ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ထုတ်ပြန်သည်။
အဆိုပါလမ်းပိုင်းကို မေလ ၁၂ရက်မှစ၍ ပိတ်ထားခြင်းဖြစ်ပြီး လဝက်အကြာတွင် ယခုကဲ့သို့ ပြန်လည် အသုံး ပြုနိုင်ကြောင်း ထုတ်ပြန်ခဲ့ပြီး လမ်းအသုံးပြုခြင်းဆိုင်ရာ အသိပေးမှုများကို ဖော်ပြသည်။
လမ်းပိုင်းအသုံးပြုချိန် ကားလမ်းမကြီး ၏ ဘေးအစပ်များကိုကပ်၍ယာဉ်များ မောင်းနှင်ခြင်း ၊ ကားလမ်းမကြီး၏ဘေး ဝဲ/ယာ တောထဲသို့မည်သည့်အကြောင်းကိစ္စနှင့်မှ ဝင်ထွက်သွားလာခြင်းများ လုံးဝ(လုံးဝ)မပြုလုပ်ကြပါရန် အသိပေးမေတ္တာရပ်ခံကြောင်း ထုတ်ပြန်သည်။
လိုအပ်၍ ထုတ်ပြန်ထားသောစည်းကမ်းများအားလိုက်နာဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးကြပါရန်နှင့် လိုက်နာမှုမရှိ၍ ဖြစ်ပေါ်လာမည့် အကျိုးဆက်များအား မိမိတို့ကိုယ်တိုင်သာအပြည့်အဝတာဝန်ယူရမည် ဖြစ်ကြောင်း ကျောက်ထု PDFက သတိပေးခဲ့သည်။
ချင်းပြည်နယ် မတူပီသို့ စစ်အင်အားနှင့် လက်နက်ခဲယမ်း၊ ရိက္ခာများ သွားရောက်ပို့ဆောင်သည့် ယာဉ်စီးရေ ၈၀ကျော်ယာဉ်တန်းသည် မတူပီမှ ဧပြီ ၂၇ရက်တွင် ပြန်လည်ထွက်ခွာလာရာ မတူပီ – မင်းတပ်- ကျောက်ထု – ပခုက္ကူအတိုင်း ပြန်လာရာ လမ်းတလျှောက်တွင် သက်ဆိုင်ရာဒေသရှိ ချင်းကာကွယ်ရေးတပ်(CDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်များက တိုက်ခိုက်ခဲ့ကြသည်။
