စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အနောက်ခြမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်အား စနိုက်ပါသမားပါဝင်သည့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း BLACK WOLF – PDFက သတင်းထုတ်ပြန်သည်။
အကြမ်းဖက် စစ်ကောင်စီတပ်သည် ယမန်နေ့(မေလ ၂၉ရက်နေ့)နံနက် ၁၁နာရီခွဲခန့်က ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်း မဲကုန်းရွာနှင့် ရွာတော်ကြား မြေဆုဘုန်းကြီးကျောင်းအနီး စစ်ကြောင်းထိုးလာခဲ့သည်။
ရှေ့တန်းတွင် ရောက်နေသော စနိုက်ပါသမားက စစ်ကြောင်းတစ်ကြောင်းရှိ အဓိကကျသည်ဟု ယူဆရသော အကြမ်းဖက်စစ်သားတစ်ဦးအား ပထမဦးစွာ သုတ်သင်ရှင်းလင်းခဲ့ကြောင်း BLACK WOLF – PDF က ပြောသည်။
အဆိုပါ စစ်ကြောင်းမှ အကြမ်းဖက်စစ်သားများသည် စနိုက်ပါလမ်းကြောင်းအား ခြေရာခံမိသွားသဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ထိမှန်ခြင်းမရှိကြောင်း BLACK WOLF – PDF က ပြောသည်။
သို့သော် ချေမှုန်းရေးတပ်ဖွဲ့ ဝက်လက်တပ်ရင်း (၁)၊ တပ်ရင်း (၂) ၊ ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ – ၁ တို့နှင့် အနီးကပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သားများ သေဆုံးခဲ့ပြီး အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း BLACK WOLF – PDF က ပြောသည်။
“ရွှေဘို – မန္တလေးလမ်းမကြီးပေါ် ဖြစ်တာမဟုတ်ပါဘူး။ ဝက်လက်နယ် ရွှေဘို – မန္တလေးလမ်းမကြီးရဲ့ အနောက်ဘက်ထဲမှာဖြစ်တာပါ”ဟု BLACK WOLF – PDF တာဝန်ရှိသူက ပြောသည်။
စစ်ဆင်ရေးအား ဝက်လက်တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ ရွှေဘိုခရိုင် တပ်ရင်း (၅) တပ်ခွဲ – ၁ တို့နှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း BLACK WOLF – PDFက အသိပေးသည်။
ယမန်နေ့က ဝက်လက်မြို့နယ် အနောက်ခြမ်း လှတောနှင့် ရွာသာကြီးကြား ရွှေဘို-မန္တလေးကားလမ်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံ PDF၊ ပကဖတို့ တိုက်ပွဲပြင်းထန်နေ၍ ရွှေဘို – ဝက်လက် – အုန်းတောလမ်းအား အသုံးမပြုကြရန် ၀က်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးခဲ့သည်။
