ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ နယ်မြေများအနက် တပ်မဟာလေးခု၏ နယ်မြေအတွင်း သွားလာရန်ခက်ခဲ့သော ဒေသများရှိ စစ်ရှောင်များ
လူသားချင်းစာနာမှု့ဆိုင်ရာ အကူအညီလိုအပ်လျက်ရှိသည်ဟု KNU ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
လက်ရှိတွင် KNU သထုံခရိုင်တပ်မဟာ(၁) ၊ညောင်လေး ပင်ခရိုင် တပ်မဟာ(၃)၊ ထားဝယ်ခရိုင် တပ်မဟာ(၄)၊ မူတြော်ခရိုင် တပ်မဟာ(၅)နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆)နယ်မြေ၌ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
ယင်းအနက် တပ်မဟာ (၁)၊ တပ်မဟာ (၃)၊ တပ်မဟာ (၄)၊ တပ်မဟာ(၅)များအတွင်းရှိ သွားရေးလာရေးခက်ခဲသောဒေသများတွင် လူသားချင်းစာနာမှု့ဆိုင်ရာ အကူ အညီများ အထူးလိုအပ်လျက်ရှိကြောင်း KNUက ဆိုသည်။
မိုးဦးရာသီရောက်ရှိလာသည့်အလျှောက် စစ်ဘေးရှောင်တို့၏ ကျန်းမာရေး၊ နေထိုင်ရေး၊ စားဝတ်နေရေးများအတွက် လိုအပ်ချက်များပြားလာသည်ဟု အသိပေးထားသည်။
KNU ကော်သူးလေအုပ်ချုပ်နယ်မြေများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်များနှင့် BGFတပ်များသည် နယ်မြေစိုးမိုးရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လျက်ရှိရာ နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)၊ပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားလျက်ရှိသည်။
စစ်ကောင်စီတပ်များသည် နယ်မြေစိုးမိုးမှုရရှိရေးအတွက် လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် လာရောက်ပစ်ခတ်ခြင်းတို့ကြောင့် ကျေးရွာများတွင် နေထိုင်သော ရွာသူရွာသားများသည် ကျေးရွာများအတွင်း မနေထိုင်ရဲတော့ဘဲ ၎င်းတို့နေထိုင်ရာနေရာများနှင့် လုပ်ငန်းခွင်များကို စွန့်ခွာကာ အသက်ဘေးလွတ်မြောက်ရေးအတွက် ဘေးလွတ်ရာသို့ ရွှေပြောင်းနေထိုင်နေကြရကြောင်း KNUက ထုတ်ပြန်ခဲ့သည်။
