ရဟတ်ယာဉ်ဌားရမ်းမှုနဲ့ ပတ်သက်ပြီး သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့အပေါ် အဂတိပုဒ်မနဲ့တရားစွဲတဲ့ တရားလိုကို စွပ်စွဲခံရသူဘက်က ရှေ့နေတွေက ဒီနေ့တရားခွင်မှာ စစ်ဆေးခဲ့တယ်လို့သိရပါတယ်။
တရားလိုဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ အဂတိကော်မရှင်က ဖြစ်ပါတယ်။တရားလိုကို ဒီနေ့ ညနေ ၃ နာရီအထိ စစ်ဆေးကြားနာခဲ့ပေမယ့် ရှေ့နေတွေကို မီဒီယာဖြေဆိုခွင့်ပိတ်ပင်ထားတဲ့အတွက် စစ်ဆေးကြားနာမှုအသေးစိတ်ကိုမသိရပါဘူး။
လာမယ့်ရုံးချိန်းကို မေလ ၁၆ ရက်ကို ချိန်းဆိုထားပြီး ဒီနေ့ ရုံးချိန်းမှာ သမ္မတ ဦးဝင်းမြင့် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကျန်းမာရေးကောင်းကြတယ်လို့သိရပါတယ်။
NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်အရေးတွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဌားရမ်းခဲ့တာရှိပါတယ်။
ဒီလို ရဟတ်ယာဉ် ဌားရမ်းရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲတာပါ။
