အရပ်သား အစိုးရလက်ထက် သမ္မတရုံးပြောရေးဆိုခွင့်ရှိ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးသည် ယနေနံနက်ပိုင်းတွင် ကွယ်လွန်ခဲ့သည်။
အသက် ၄၉ နှစ်အရွယ် ဦးဇော်ဌေးသည် နှလုံးရုတ်တရက်ရပ်တန့်ပြီး ဆုံးပါးခဲ့ခြင်းဖြစ်ကာ မကွယ်လွန်ခင်တွင် နေပြည်တော်၌ စစ်ကောင်စီ၏ စောင့်ကြည့်ခြင်းခံနေရသူဖြစ်ကြောင်း နေပြည်တော်ရင်းမြစ်တစ်ဦးက ပြောသည်။
စစ်တပ်အာဏာမသိမ်းမီပြုလုပ်သော သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ၂၀၂၀ ရွေးကောက်ပွဲ၌ မဲရှုံးခဲ့သူများသည် ၎င်းတို့အရှုံးကို လက်မခံဘဲ အမျိုးမျိုးဝေဖန်နေကြပြီး ၎င်းတို့လုပ်ရပ်သည် Political Suicide(ကိုယ့်နိုင်ငံရေးကိုယ်ပြန်သတ်ခြင်း)ဖြစ်သည်ဟု ပြောခဲ့သည်။
ထိုစဥ်က စစ်တပ်နှင့် စစ်တပ်ကျောထောက်နောက်ခံပြု နိုင်ငံရေးပါတီများက အာဏာရပါတီ NLD က မဲသမမာမှုလုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီး စစ်တပ်အာဏာသိမ်းရန် လမ်းကြောင်းခဲ့ကြသည်။
သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြည်သူလူထုသည် မည်သည့်ပါတီကိုယ်စားလှယ်ကို မဲပေးခဲ့ကြောင်း အသိဆုံးဖြစ်ပြီး NLD ၏ အပြတ်အသတ်အနိုင်ရမှုသည် ပထမဆုံးမဟုတ်ဘဲ ၁၉၉၀၊ ၂၀၁၅အထွေထွေရွေးကောက်ပွဲများတွင်လည်း အပြတ်အသတ်အနိုင်ရခဲ့ကြောင်း ရှင်းလင်းခဲ့သည်။
စစ်တပ်အာဏာသိမ်းချိန်တွင် ဦးဇော်ဌေးဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်းတွင် ပြန်လည် လွတ်မြောက်ခဲ့သည်။
စစ်ကောင်စီက ၎င်းကို ယခင်ညွန်ကြားရေးမှူးချုပ်ရာထူးပြန်ပေးသော်လည်း ဦးဇော်ဌေးက အလုပ်ထွက်စာတင်ခဲ့ကြောင်း နေပြည်တော်ရင်းမြစ်က ပြောသည်။
ယင်းနောက်ပိုင်းတွင် ဦးဇော်ဌေးကို စစ်ကောင်စီက စောင့်ကြည့်ခဲ့ပြီး ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားခွင့်များကို တားမြစ်ထားခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဦးဇော်ဌေးသည် လက်ရှိ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနှင့် စစ်တက္ကသိုလ် အပတ်စဥ် ၃၇ အတူတူတက်ရောက်ခဲ့သူဖြစ်ပြီး ရင်းနှီးသည့်သူငယ်ချင်းများဖြစ်သည်။
ဦးဇော်ဌေးသည် ဗိုလ်မှူးရာထူးဖြင့်အရပ်ဘက်သို့ ပြောင်းရွှေ့ခဲ့သူပြီး ယခင်စစ်အစိုးရလက်ထက် ဝန်ကြီးချုပ်ရုံး၊ သမ္မတဦးသိန်းစိန်လက်ထက် သမ္မတရုံးညွှန်ကြားရေးမှူး၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
ဦးသိန်းစိန်အစိုးရလက်ထက် ရခိုင်ပြည်နယ်တွင် ဘာသာရေး၊လူမျိုးရေးပြသာနာများစတင်ဖြစ်ပွားချိန် နှင့် ရခိုင်ပြည်နယ်တွင်ဖြစ်ပွားသော ပြသာနာများ၌ ဦးဇော်ဌေး ဖေစ်ဘွခ်နှင့် မီဒီယာများသို့ ရေးသားပြောဆိုချက်များမှာ အစွန်းရောက်သဖြင့် ဝေဖန်ထောက်ပြမှုများစွာရှိခဲ့သည်။
