ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဟာ ဂျပန်ဝန်ကြီးချုပ်နဲ့တွေ့ဆုံပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့အာဏာသိမ်းမှုကို ရှုတ်ချပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့် ဖို့ တောင်းဆိုလိုက်ကြပါတယ်။
ဝန်ကြီးချုပ် ကီရှီဒါနဲ့ သမ္မတ ဘိုင်ဒင် တို့ရဲ့ပူးတွဲကြေညာချက်မှာ စစ်အာဏာသိမ်းမှုနဲ့အရပ်သားပြည်သူတွေအပေါ်ရက်စက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတွေ ကိုရှုတ်ချခဲ့ကြပါတယ်။
ဒါအပြင် အကြမ်းဖက်မှု ချက်ချင်းရပ်တန့်ဖို့ ၊မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကိုပြန်လွှတ်ပေးဖို့ ၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ တစ်နိုင်ငံလုံးကို အချုပ်အချယ်မရှိရောက်ရှိစေဖို့ ၊ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်ရောက်ရေး တွန်းအားပေးကြဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သံန္နိဋ္ဌာန်ပြုခဲ့တယ်လို့သိရပါတယ်။
ဂျပန်ခရီးစဉ်မတိုင်ခင် တောင်ကိုရီးယားနိုင်ငံ သမ္မတနဲ့တွေ့ဆုံစဉ်မှာလည်း ပူးတွဲကြေညာချက်မှာ မြန်မာ့အရေးကို ထည့်သွင်းကြေညာခဲ့ပါတယ်။
အမေရိကန် သမ္မတနဲ့ တောင်ကိုရီးယား သမ္မတ တို့ရဲ့ ပူးတွဲကြေညာချက်မှာဆိုရင်လည်း ဒီမိုကရေစီလမ်းကြောင်းကိုပြန်လျှောက်ဖို့ ၊ မတရားဖမ်းထားသူတွေကို လွှတ်ဖို့ ၊စစ်တပ်ကိုလက်နက်မရောင်းချဖို့ ၊မြန်မာနိုင်ငံသားတွေကိုခိုလှုံခွင့်ပေးဖို့အချက်တွေပါဝင်နေတာကို တွေ့ရပါတယ်။
