ထားဝယ်မြို့နယ်အရှေ့ပိုင်းဒေသများတွင် စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီတပ်က ကျေးရွာအချို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့်ဒေသခံရွာသား ၄၀၀ကျော်က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။
ထားဝယ်မြို့နယ်၊ ဘဝပင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေ ၁၅ ရက်) ညနေ ၃နာရီခန့်က ကင်းထောက်လေယာဉ် ပျံသန်းပြီးနောက် ကျေးရွာထဲသို့ လက်နက်ကြီး အချက် ၂၀ ခန့်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။
“ရွာသေးသေးလုံးကို ဗုံးတီးနေသလိုဘဲ တအုံးအုံးနဲ့ ပစ်နေတာ၊ ဘာမှ တောင်ယူချိန်မရဘူး ထွက်ပြေးကြရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
ထိုပြင် ဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာများတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များက သေနတ်ပစ်ဖောက်ပြီး PDFများကို ထုတ်ပေးရန် ကျေးရွာသားများကို ခြိမ်းခြောက်နေသည်ဟုလည်း ဒေသခံများကပြောသည်။
ထားဝယ်မြို့နယ်၊ကျောက်မဲတောင်ကျေးရွာရှိ ကျောက်မဲတောင်ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(ထားဝယ်ခရိုင်)နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍ မေ၁၄ရက်(ယမန့်နေ့)နံနက် ၉နာရီခန့် တွင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ထားဝယ်မြို့အရှေ့ဘက်ရှိ မေတ္တာမြို့အနီးအနားရွာများကို စစ်အင်အား အလုံးအရင်းဖြင့် တိုးချဲ့နေခြင်းဖြစ်သည်။
ဒေသခံကာကွယ်ရေးတပ်များ ရှိနိုင်သည်ထင်သောကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ဒေသခံများကပြောသည်။
မေ ၁၅ ရက်ကျောက်မဲတောင်ရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စစ်သားနှစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။
PDFများဘက်မှလည်း ရဲဘော် နှစ်ဦးကျဆုံးခဲ့သည်။ ကျဆုံးခဲ့သော ရဲဘော် နှစ်ဦးတွင် T1 Zone မှ ရဲဘော်ဂျပန် ပါဝင်ပြီး ကျဆုံးခဲ့သောရဲဘော်အတွက် ဝမ်းနည်းကြောင်း ဂုဏ်ယူကြောင်းနှင့် နွေဦးသူရဲကောင်းအဖြစ် တောင်ပိုင်းတိုင်းစစ်ဌာန ၊တနသာ်ရီစစ်ဒေသခွဲ မှ ဂုဏ်ပြုခဲ့သည်။
