●တားမြစ်ထားသောတင်ဒါလုပ်ငန်းလုပ်ကိုင်နေပြီး တင်ဒါအကြောင်းပြ၍ စစ်တပ်အတွက်ရိက္ခာနှင့် ပစ္စည်းသယ်ပေးနေသောကြောင့်ပိတ်ပင်ခြင်းဟုတာဝန်ရှိသူပြော
စစ်ကောင်စီ ယန္တယားလည်ပတ်နိုင်ရေး တင်ဒါလုပ်ငန်းများ မလုပ်ရန်တားမြစ်ထားသည့်ကြားမှ ဆက်လုပ်နေသောကြောင့်ကန်ပလက်မြို့နယ်ရှိ ကျင်ဒွေးမြို့သို့ ကားနှင့်ဆိုင်ကယ်သွားလာခွင့်ကို မေ ၁၅ရက်ကစတင်ပြီးအကန့်အသတ်မရှိ ပိတ်ပင်ကြောင်း CDF(ကန်ပက်လက်)ကထုတ်ပြန်ကြေညာလိုက်သည်။
ချင်းပြည်နယ် တစ်ခုလုံးတွင် စစ်ကောင်စီလက်အောက်မှတင်ဒါလုပ်ငန်းများ လုပ်ဆောင်ခြင်းမပြုရန် CJDC(ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ) က ၂၀၂၁ စက်တင်ဘာ ၃၀ နှင့် ၂၀၂၂ ဧပြီ၁၂ ရက်တျု့တွင် နှစ်ကြိမ်တိုင်တားမြစ်ထားပြီး ကန်ပက်လက်မြို့တွင် ၂၀၂၁ ဒီဇင်ဘာ ၁၆ ရက်ကတည်းက မည့်သည့်ကုမ္ပဏီလုပ်ငန်းများ လုပ်ငန်းမလုပ်ကိုင်ရန် တားမြစ်ထားပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“တင်ဒါလုပ်ငန်းတွေကို အကြောင်းပြပြီးစစ်ကောင်စီရဲ့ တပ်စခန်းတွေ ရိက္ခာတွေ၊ ပစ္စည်းတွေ ကူသယ်ပေးနေလို့ တားမြစ်ရတာပါ ”ဟု CDF(ကန်ပက်လက်) တာဝန်ရှိသူကဆိုထားသည်။
ကျင်ဒွေးမြို့ပေါ်တွင်နေထိုင်သူ အများစု ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ စစ်ကောင်စီအလိုကျဆောင်ရွက်နေသည်ဟုလည်း CDF(ကန်ပက်လက်)ကလူထုသို့အသိပေးထားသည်။
ထိုကြောင့် ကျင်ဒွေးမြို့ကို သွားမည့် ကားနှင့် ဆိုင်ကယ်များကို ပိတ်ပင်ကြောင်းနှင့် ခွင့်ပြုချက်မရှိဘဲ သွားလာခြင်းကြောင့်ဖြစ်ပေါ်လာမည့် အကျိုးဆက်သည် မိမိတို့တာဝန်သာဖြစ်သည်ဟု CDF(ကန်ပက်လက်)ကသတိပေးထားသည်။
ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးကို ကျေးရွာအဆင့်မှ မြို့အဖြစ် ၂၀၁၉ ဧပြီ ၅ ရက်တွင် အရပ်သားအစိုးရကဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
