စစ်ကောင်စီထုတ်ကုန်များအား ကွင်းဆင်းစစ်ဆေးဖျက်ဆီးအရေးယူမှုပြုလုပ်ခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(MBPDF)က ယနေ့(မေ ၁၅ ရက်)တွင် ထုတ်ပြန် သည်။
၎င်းတို့ တပ်ဖွဲ့ နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF(B-03)တို့ပူးပေါင်းကာ မိုးဗြဲမြို့နယ်အတွင်းရှိကျေးရွာ ရပ်ကွက်များတွင်စစ်ကောင်စီထုတ်ကုန်များအား ရောင်းချခြင်းရှိ၊မရှိ စျေးဆိုင်ခန်းများကို စစ်ဆေးခဲ့သည်ဟု ဆိုသည်။




ထိုသို့ ကွင်းဆင်းစစ်ဆေးနေစဥ် ဆိုင်ခန်းတစ်ချို့မှ စစ်ကောင်စီထုတ်ကုန်များအား ဆက်လက်ရောင်း ချမှုများတွေ့ရသောကြောင့် သိမ်းယူဖျက်ဆီးမှုများပြုလုပ်ခဲ့ကာ သက်ဆိုင်ရာဆိုင်ခန်းပိုင်ရှင်များအား နောက်ထပ်ရောင်းချခြင်းမပြုလုပ်ရန်အတွက် ထပ်မံသတိပေးမှုများပြုလုပ်ခဲ့ကြောင်း အသိပေးသည်။
ထို့အပြင် မိုးဗြဲမြို့ပေါ်ရှိ ရပ်ကွက်များအတွင်း ဖွင့်လှစ်ရောင်းချနေကြသည့် စျေးဆိုင်များ ကုန်စုံဆိုင်များကိုလည်း သွားရောက်စစ်ဆေးရာတွင်လည်း စစ်ကောင်စီထုတ်ကုန်များကို ဆက်လက်ရောင်းချမှုများရှိနေသည့်အတွက် သိမ်းယူဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။
ထို့ကြောင့် မိုးဗြဲမြို့ပေါ်ရှိ ရပ်ကွက်များသာမကကျေးရွာများတွင် စျေးဆိုင်များဖွင့်လှစ်ရောင်းချနေကြသည့် စျေးဆိုင်ပိုင်ရှင်များအနေဖြင့် စစ်ကောင်စီထုတ်ကုန်များကို ထပ်မံတင်သွင်းရောင်းချခြင်းများမပြုလုပ်ရန် မိုးဗြဲ PDFက မေတ္တာရပ်ခံသည်။

လိုက်နာမှုမရှိပါက ထိရောက်သော အရေးယူမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပြီး သွေးစွန်းငွေမဖြစ်ရန်အတွက်လည်း သတိပေးသည်။
ယနေ့ ဖျက်ဆီးခဲ့သည့် စစ်ကောင်စီထုတ်ကုန်များအနက် Dagon အနီ၊အ၀ါ၊အစိမ်း၊ မုယော ၄၅ဖာ ၊Army Rum 7 ဖာ၊ Red Ruby နှစ်ကတ်၊ Premium Gold ၈ဘူး၊Myanmar Rum ပိုင်း ၁၆လုံး၊ Myanmar Beer ပုလင်းတစ်ကတ်နှင့် Adaman Gold ခြောက်ဖာ ပါဝင်သည်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)မှ စစ်ကောင်စီထုတ်ကုန်များကို တင်သွင်းရောင်းချခြင်း မပြုလုပ်ရန်အတွက် ဧပြီ ၂၁ရက်တွင် စတင်ကြေညာခဲ့ပြီး ဧပြီ၂၆ ရက်တွင် စျေးဆိုင်များကုန်စုံဆိုင်များကို လိုက်လံအသိပေး ကြေညာစာကပ်ခဲ့သည်။
“မိမိတို့၏အမြတ်ငွေသည် သွေးစွန်းငွေမဖြစ်ဖို့ရန်အတွက် အထူးသတိပြုစေလိုပါသည်။စစ်အာဏာရှင် စနစ်ကို အသက်နဲ့ရင်းပြီး တွန်းလှန်တိုက်ခိုက်နေကြသည့် ကျွန်တော်တို့ MBPDF အပါအဝင် KNDFနှင့် မိတ်ဖက်တော်လှန်ရေးအင်အားစုများအား စစ်ကောင်စီထုတ်ကုန်များကို ထပ်မံမရောင်းချခြင်းအားဖြင့် ကူညီပေးကြပါရန် မိဘပြည်သူများကို အထူးမေတ္တာရပ်ခံလိုပါသည်”ဟု မိုးဗြဲPDFက တောင်းဆိုထားသည်။
