နှစ်ပေါင်း ၄၀၀ ကျော် တည်တံ့ခဲ့တဲ့နောက် ဒိန်းမတ်နိုင်ငံမှာ စာပို့ ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းတော့မယ်လို့ သိရပါတယ်။
ဒစ်ဂျစ်တယ်ခေတ်မှာ အီးမေးလ်တွေနဲ့ မိုဘိုင်း စာတိုပေးပို့မှု စနစ်တွေ ထွန်းကားလာခြင်းနဲ့အတူ စာရွက်ပေါ်မှာ စာရေး၊ စာအိတ်ထဲ ထည့်ပိတ်ပြီး တံဆိပ်ခေါင်းကပ် စာပို့ကြတဲ့ အရေအတွက်ဟာ သိသိသာသာ ထိုးဆင်းလာခဲ့ပါတယ်။ ဒါကြောင့်လည်း အစိုးရပိုင် PostNord စာတိုက်လုပ်ငန်းဟာ စာပို့ဝန်ဆောင်မှုတွေ အားလုံးကို ၂၀၂၅ အကုန်မှာ အပြီး ရပ်ဆိုင်းဖို့ ရက်သတ်မှတ် ဆုံးဖြတ်လိုက်ရတာ ဖြစ်ပါတယ်။
ဒိန်းမတ်နိုင်ငံ အနှံ့မှာ ဖြန့်ဝေထားတဲ့ စာတိုက်ပုံး ၁၅၀၀ လောက်ကိုလည်း ဇွန်လကစပြီး လိုက်လံ ဖြုတ်ယူ သိမ်းဆည်းဖို့ စီစဉ်ထားပါတယ်။ PostNordက အခု ဝန်ဆောင်မှုကို ရပ်ဆိုင်းလိုက်ပြီးတဲ့အခါ ဒိန်းမတ်မှာ စာသီးခြား ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုတွေဆိုတာ လုံးဝ ရှိတော့မှာ မဟုတ်ပါဘူး။ ဒိန်းမတ်မှာ စာပို့ ဝန်ဆောင်မှုတွေကို အသုံးပြုပြီး ဆက်သွယ်ခဲ့တဲ့ သက်တမ်းဟာ နှစ် ၄၀၀ ကျော် ကြာမြင့်ခဲ့ပြီးတဲ့နောက် အခုတော့ အဆုံးသတ် ကာလကို ရောက်လာခြင်းပါပဲ။
PostNordရဲ့ အဆိုအရ ရာစုနှစ်ရဲ့အစ၊ တစ်နည်းအားဖြင့် ၂၀၀၁ ခုနှစ်နဲ့ ယှဉ်လိုက်ရင် မျက်မှောက်ကာလမှာ စာပို့လုပ်ငန်းသုံးပြီး ဆက်သွယ်ကြတဲ့ ပေးစာပမာဏဟာ ၉၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ သိရပါတယ်။

Public Service Announcement
ဒိန်းမတ် အစိုးရရဲ့ သယ်ယူပို့ဆောင်ရေး ဝန်ကြီး သောမတ်စ် ဒန်နီရယ်လ်ဆန်က PostNordဟာ ကုန်ပစ္စည်းတွေ အမြန်ချောပို့ ပို့ဆောင်တဲ့ ဝန်ဆောင်မှုအပေါ် ပြောင်းလဲ အာရုံစိုက်သွားမှာဖြစ်ပြီး စာရေးသား ပေးပို့ချင်သူတွေဟာ ကုန်ပစ္စည်းနဲ့ အတူတွဲပြီး ထည့်ပေးတာမျိုးတော့ လုပ်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ အခုအပြောင်းအလဲကလည်း ခေတ်သစ် လူမှုဝန်းကျင်နဲ့ လိုက်လျောညီထွေတဲ့ ဆုံးဖြတ်ချက် တစ်ခုလို့ သူက ဆိုပါတယ်။
အခုဆုံးဖြတ်ချက်ကြောင့် PostNordရဲ့ ဝန်ထမ်း ၄၆၀၀ လောက်ထဲက ၁၅၀၀ လောက်ဟာ အလုပ်အကိုင် ဆုံးရှုံးရမယ့် အခြေအနေ ဖြစ်လာပါတယ်။
ဒိန်းမတ်ဟာ ကမ္ဘာပေါ်မှာ ဒစ်ဂျစ်တယ် လူနေမှုဘဝ ပြောင်းလဲမှု အမြန်ဆုံး နိုင်ငံတစ်ခုဖြစ်ပြီး လိုအပ်တဲ့ လုပ်ငန်းကိစ္စ အားလုံးနီးပါးအတွက် အဆင်ပြေအောင် စီစဉ်ပေးထားတဲ့ appတွေ ရှိနေပါတယ်။ ဒိန်းမတ်နိုင်ငံသားတွေဟာ ယာဉ်မောင်း လိုင်စင်နဲ့ ကျန်းမာရေး အစောင့်အရှောက် ရယူခွင့် ကတ်တွေကို ဖုန်းထဲမှာတင် ထည့်ထားနိုင်ပါတယ်။
စာပို့စနစ် ရပ်ဆိုင်းခြင်းက ဒိန်းမတ်နိုင်ငံရဲ့ သက်ကြီးရွယ်အို အများစုအပေါ် သက်ရောက်မှု ရှိလာစေမှာ ဖြစ်ပါတယ်။ နိုင်ငံလူဦးရေ ၉၅ ရာခိုင်နှုန်းဟာ ဒစ်ဂျစ်တယ် စာပို့ ဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေပေမယ့် လက်ရေးနဲ့ စာတွေကို မှီတွယ်နေသူ ၂၇၁၀၀၀ လောက်ထိ များပြားနေဆဲလို့ သိရပါတယ်။
ဥရောပ အနှံ့က စာပို့လုပ်ငန်းတွေဟာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရုန်းကန်နေရပြီး ဂျာမနီရဲ့ Deutsche စာတိုက်လုပ်ငန်းဟာလည်း ဝန်ထမ်း ၁၈၇၀၀၀ ထဲက ၈၀၀၀ လောက်ကို အလုပ်ကနေ ထုတ်ပယ်ရတော့မယ်လို့ မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ကိုးကား: BBC
