Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ် အသစ်ကို ဘိုင်ဒန် ပထမဆုံးအကြိမ် စီးနင်း

အမေရိကန် သမ္မတတွေအတွက် ရည်ရွယ် တည်ဆောက်ထားတဲ့ စီးတော် ရဟတ်ယာဉ် အသစ်ကို ဂျိုးဘိုင်ဒန်က ပထမဆုံးအကြိမ် လိုက်ပါ စီးနင်းခဲ့ပါတယ်။

အမေရိကန် သမ္မတတွေအတွက် ရည်ရွယ် တည်ဆောက်ထားတဲ့ စီးတော် ရဟတ်ယာဉ် အသစ်ကို ဂျိုးဘိုင်ဒန်က ပထမဆုံးအကြိမ် လိုက်ပါ စီးနင်းခဲ့ပါတယ်။

သက်တမ်း အိုဟောင်းနေပြီဖြစ်ပြီး သမ္မတနဲ့ ဒုတိယ သမ္မတတို့အတွက် တည်ဆောက်ထားပြီး Marine Oneလို့ ခေါ်ဝေါ်တဲ့ ရဟတ်ယာဉ်တွေကို ပိုပြီး ခေတ်မီ၊ သစ်လွင်၊ အဆင့်မြင့်တဲ့ VH-92Aတွေနဲ့ အစားထိုးခဲ့တာ ဖြစ်ပါတယ်။ Marine Oneတွေအဖြစ် VH-92Aတွေနဲ့ အစားထိုးဖို့ စီစဉ်ခဲ့တဲ့ ကိစ္စဟာ အကြောင်းအမျိုးမျိုးကြောင့် နှစ်အတော်ကြာ နှောင့်နှေးခဲ့ရပြီး ဘိုင်ဒန်ရဲ့ သမ္မတသက်တမ်း ကုန်ဆုံးခါနီး လပိုင်းအလိုမှပဲ အကောင်အထည် ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ဒန်ဟာ Air Force One သမ္မတ စီးတော်လေယာဉ်နဲ့အတူ ချီကာဂိုကို ဩဂုတ် ၁၉ ရက်နေ့က ဆိုက်ရောက်လာခဲ့ပြီးတဲ့နောက် Sikorsky ကုမ္ပဏီထုတ် ရဟတ်ယာဉ် အသစ်စက်စက် တစ်စီးပေါ်ကို တက်သွားခဲ့ပါတယ်။ အဲဒီကမှတဆင့် ချီကာဂိုမှာ ကျင်းပတဲ့ ဒီမိုကရက်တစ်ပါတီ ပြည်လုံးကျွတ် ညီလာခံ (DNC)ဆီကို ဘိုင်ဒန်က ခရီးဆက်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

သမ္မတကို တင်ဆောင်သွားတဲ့ အသစ်ကျပ်ချွတ် Marine Oneရဲ့ ခရီးစဉ်ဟာ ချီကာဂိုမှာရှိတဲ့ ဆိုးလ်ဂျားစ်ဖီးလ်ကနေ ပျံတက်ပြီး ပထမဆုံး ခရီးစဉ်ကို စတင်ခဲ့ပါတယ်။ ဗီယက်နမ်စစ်ပွဲ ခေတ်ကတည်းက အသုံးပြုနေခဲ့တဲ့ သမ္မတ စီးတော် ရဟတ်ယာဉ်တွေကို အဆင့်မြှင့်တင် ပြောင်းလဲဖို့အတွက် စီမံကိန်းတွေဟာ စုစုပေါင်း ဆယ်စုနှစ် နှစ်ခုစာလောက် အချိန်ယူခဲ့ရပါတယ်။ အသစ်မလဲခင် Marine Oneအဖြစ် အသုံးပြုခဲ့တဲ့ တချို့ရဟတ်ယာဉ်တွေဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေ ကတည်းက တည်ဆောက်ထားခဲ့တာပါ။

အမေရိကန်မှာ 9/11 အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ရပ်ကြီး ပေါ်ပေါက်ခဲ့တဲ့နောက် သမ္မတ ဂျော့ဂျ်ဘုရှ်က အချိန်နဲ့ တပြေးညီ ဆက်သွယ်မှု၊ စီမံခန့်ခွဲမှု၊ စစ်ဆင်ရေး ကွပ်ကဲနိုင်စွမ်းတွေကို မြှင့်တင်ဖို့အတွက် Marine Oneတွေကို ခေတ်မီ ရဟတ်ယာဉ်တွေနဲ့ အစားထိုး ပြောင်းလဲဖို့ စတင် စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သမ္မတ ဘာရတ်အိုဘားမား လက်ထက်မှာတော့ အသုံးစရိတ် လျှော့ချဖို့ဆိုပြီး အဲဒီ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ အိုဘားမားရဲ့ လက်ထက်မှာပဲ ကုမ္ပဏီက Patriotလို့ နာမည်ပြောင် ပေးထားတဲ့ VH-92Aတွေကို Marine Oneအဖြစ် အသုံးပြုမယ့် ကိစ္စကို အစပြုခဲ့ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့် လက်ထက်မှာ ပွဲဦးထွက် မိတ်ဆက် ပြသခဲ့ပါတယ်။ ဒါပေမဲ့လည်း ဆက်သွယ်ရေး စနစ်ရဲ့ လုံခြုံမှု အပိုင်းမှာ ကျေနပ်စရာ အဆင့်မရှိသေးတာကြောင့် ထရမ့်လက်ထက်မှာ ရဟတ်ယာဉ်တွေကို လက်တွေ့ အသုံးမပြုနိုင်ခဲ့သေးပါဘူး။ သမ္မတ တစ်ဦးဟာ Marine Oneပေါ်မှာ ရှိနေတဲ့အချိန် နိုင်ငံက အရေးပေါ် အခြေအနေတွေ ကြုံလာရင် လျှို့ဝှက် အမိန့်တွေကို ဆက်သွယ်ပြောဆိုဖို့အတွက် အဲဒီစနစ် လုံခြုံရေးက အရမ်းအရေးကြီးတာကြောင့် ဖြစ်ပါတယ်။

Marine One ရဟတ်ယာဉ်တွေကို ကွပ်ကဲတဲ့ အမေရိကန် မရိန်းတပ်ဖွဲ့ဟာ VH-92A ရဟတ်ယာဉ် ၂၃ စီးကို ဒေါ်လာ ၅ ဘီလီယံနဲ့ မှာယူထားပါတယ်။ အဲဒီ ရဟတ်ယာဉ်တွေဟာ အရပ်ဖက်အတွက်ပါ ရောင်းချနေတဲ့ Skorsky S-92 ရဟတ်ယာဉ်တွေပေါ် အခြေခံပြီး နည်းပညာပိုင်း၊ လုံခြုံရေးပိုင်း အကြီးစား မွမ်းမံ အဆင့်မြှင့်မှုတွေ ဖြည့်တင်းထားပါတယ်။

ပြီးတော့ အရင်က Marine Oneတွေအဖြစ် အဓိက သုံးစွဲခဲ့တဲ့ VH-3Dနဲ့ VH-60N မော်ဒယ်လ်တွေထက် အရွယ်အစား ပိုကြီးသလို ပိုပြီး ခရီးဝေးဝေးလည်း ပျံသန်းနိုင်မယ်လို့ သိရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက်တော်လှန်ရေးအင်အားစုများအကြားပူးပေါင်းဆောင်ရွက်နေမှုကို ကန်နိုင်ငံခြားရေးဌာန၊အတိုင်ပင်ခံပုဂ္ဂိုလ်ချီးကျူးဟုCNFထုတ်ပြန်

သတင်း

အာဏာသိမ်းစစ်ကောင်စီ လမ်းကြောင်း ပြောင်းလဲရေး ဆက်လက် ဖိအားပေးရန် အမေရိကန်နှင့် တော်လှန်ရေးအင်အားစုများအကြား သဘောတူညီခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံတကာ

ကာမာလာ ဟားရစ်ဟာ အမေရိကန်အတွက် အရမ်းမိုက်တဲ့ သမ္မတမျိုး ဖြစ်လာလိမ့်မယ်လို့ သမ္မတ ဂျိုးဘိုင်ဒန်က ထောက်ခံ ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဩစတြေးလျမှာ ဟိုတယ်တစ်လုံးပေါ်ကို ရဟတ်ယာဉ်က ဝင်တိုက်ခဲ့ရာက လေယာဉ်မှူး သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။