ထိုင်ဝမ်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်တာစကေး ၇.၂ အဆင့် ငလျင်ကြီးကြောင့် ဒဏ်ရာရသူ ဦးရေဟာ ထောင်ဂဏန်းထိ မြင့်တက်လာပြီ ဖြစ်ပါတယ်။
ဧပြီလ ၃ ရက် မနက်ပိုင်းက ထိုင်ဝမ်အရှေ့ဖက် ကမ်းလွန်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ နိုင်ငံသမိုင်းမှာ ၂၅ နှစ်အတွင်း အပြင်းထန်ဆုံး ဖြစ်လာခဲ့ပြီး လူပေါင်း ၁၀၀၀ ကျော် ဒဏ်ရာရခဲ့သလို အသေအပျောက်ကလည်း ၉ ဦးထိ ရှိလာပါပြီ။ နောက်ပြီး အမျိုးသားဥယျာဉ်ဇုန်ထဲက ဟိုတယ်တစ်ခုဆီ ဦးတည်နေတဲ့ ဝန်ထမ်း ၄၂ ဦးလည်း ပျောက်ဆုံးနေပြီး အခုထိ သတင်းအစအန ရှာမရသေးပါဘူး။

Public Service Announcement
ငလျင်ဒဏ်ကို နိုင်ငံအရှေ့ပိုင်းက လူနေကျဲပါးရာ ဟွာလျန်းဒေသက ကျေးလက်ဧရိယာတွေ အဓိက သက်ရောက် ခံစားခဲ့ရပါတယ်။ မြို့တော် ထိုင်ဝမ်မှာလည်း ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ရပေမယ့် မြို့ပြတွေမှာ အပျက်အစီး အခြေအနေ အရမ်းမဆိုးခဲ့ပါဘူး။
ကယ်ဆယ်ရေး အဖွဲ့က ငလျင်ကြောင့် ဒဏ်ရာရသူ ဦးရေဟာ ၁၀၃၈ ဦးထိ ရှိလာကြောင်း ဧပြီ ၄ ရက် မနက်ပိုင်းမှာ ကြေညာပြီး ဟိုတယ်ဝန်ထမ်း ၄၂ ဦးအပြင် စုစုပေါင်း ၄၈ ဦး ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ငလျင်ဗဟိုချက်နဲ့ နီးကပ်တဲ့ ဧရိယာ တချို့မှာတော့ အဆောက်အအုံတွေ အကြီးအကျယ် တိမ်းစောင်းကုန်တာမျိုးထိ ထိခိုက်ပျက်စီးမှုတွေ ပြင်းထန်ခဲ့ပါတယ်။
ငလျင်အပြီး ၂၄ နာရီကျော် ကြာလာတဲ့ထိ ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း လုပ်ဆောင်နေဆဲဖြစ်ပြီး အပျက်အစီးပုံတွေအောက် ပိတ်မိနေသူ အများအပြားကို အန္တရာယ်ကင်းကင်း ကယ်ထုတ်ပြီး ရွှေ့ပြောင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
ဧပြီ ၄ ရက် မနက်ပိုင်းတုန်းက သတ္တုမိုင်းတွင်း ဧရိယာ တစ်ခုမှာ ပိတ်မိနေသူ ၆ ဦးကိုလည်း ရဟတ်ယာဉ် တစ်စီးနဲ့ ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ဟွာလျန်းမှာတော့ အပျက်အစီးပုံတွေအောက် ပိတ်မိနေသူတွေကို ကယ်ထုတ်နေတာတွေ မပြီးဆုံးသေးပါဘူး။ ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ဆက်လက် လှုပ်ခတ်ခဲ့တာကြောင့် တချို့က ညပိုင်းမှာ အိမ်တွေထဲ ဝင်မအိပ်ရဲဘဲ လမ်းပေါ်မှာပဲ ဖြတ်သန်း အချိန်ကုန်ခဲ့ကြပါတယ်။
ထိုင်ဝမ်ဟာ ငလျင်လှုပ်ခတ်မှုတွေနဲ့ ပတ်သက်ရင် ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ စနစ်တကျ လုပ်ဆောင်ထားတဲ့ နိုင်ငံဖြစ်တာကြောင့် လူထုဟာ အစောပိုင်းမှာ ယောက်ယက်ခတ်သွားပေမယ့် အခြေအနေကို တည်တည်ငြိမ်ငြိမ် တုံ့ပြန်နိုင်ခဲ့ကြပါတယ်။
ထိုင်ဝမ်မှာ နောက်ဆုံး လှုပ်ခတ်ဖူးတဲ့ အင်အားပြင်း ငလျင်ကြီးကတော့ ၁၉၉၉ ခုနှစ်တုန်းက ရစ်ချ်တာစကေး ၇.၆ အဆင့် ငလျင်ကြီးဖြစ်ပြီး လူပေါင်း ၂၄၀၀ လောက် သေဆုံးခဲ့သလို အဆောက်အအုံ ၅၀၀၀၀ ကျော် ပျက်စီးခဲ့ပါတယ်။
ကိုးကား: BBC
