close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နဲ့ ဆွေးနွေးမယ်ဆိုတာ မကြားမိဟု KIA ပြန်ကြားရေးတာဝန်ခံပြော

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ အာဏာသိမ်းစစ်တပ်တို့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ မကြားမိကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

(KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ။ဓါတ်ပုံ-File)

အောက်တိုဘာ-၂၁၊၂၀၂၆။အိမ်သွင်၊ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)နဲ့ အာဏာသိမ်းစစ်တပ်တို့ တွေ့ဆုံဆွေးနွေးမယ်ဆိုတာ မကြားမိကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

စစ်တင်ဘာလအတွင်းမှာ စစ်တပ်ဘက်က တွေ့ဆုံဆွေးနွေးဖို့ KIO ထံ အဆိုပြုလာတာ၊ KIOနဲ့ စစ်ကောင်စီကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ကူမင်းမှာ တွေ့ဆုံမယ်ဆိုတဲ့ သတင်းအချို့ အောက်တိုဘာလမှာ ထပ်မံထွက်ပေါ်လာတာ၊ စစ်တပ်ကိုယ်စားလှယ်က KIAနဲ့ဆွေးနွေးမှုတွေရှိလာမယ်ဆိုတဲ့ ပြောကြားချက်တွေ ရှိနေတဲ့ အခြေအနေမှာဗိုလ်မှူးကြီးနော်ဘူက အခုလို ပြောပြတာပါ။

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ကမ်းလှမ်းချက်ကို စက်တင်ဘာလ၄ရက်နေ့ကအကြောင်းကြားလာတာလို့ ဗိုလ်မှူးကြီးနော်ဘူက People ‘s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပြုလာတဲ့ကိစ္စကို KIO ဘက်က အဆင်မပြေဘူးလို့ အကြောင်းပြန်ကြားထားကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။အဲဒီအပေါ် အာဏာသိမ်း စစ်တပ်ဘက်က ပြန်လည်အကြောင်းကြားချက်မရှိသေး​ကြောင်း သူက ပြောပါတယ်။

ဒါ​ပေမယ့် စစ်ကောင်စီနဲ့ ကေအိုင်အေဟာ တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံဆွေးနွေးလိမ့်မယ်လို့ စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်စာမျက်နှာတွေက ဖော်ပြနေကြပါတယ်။တရုတ်နိုင်ငံ ကူမင်းမှာ တွေ့ဆုံဖို့ရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီးလည်း ဗိုလ်မှူးကြီးနော်ဘူက “ အဲဒါကတော့ ကျနော်မကြားသေးဘူး”လို့ အောက်တိုဘာလ ၁၈ ရက်နေ့မှာပြောပါတယ်။

ဒါ့အပြင် ဗိုလ်မှူးကြီးနော်ဘူက စစ်တပ်ရဲ့ တဖွဲ့ချင်းဖဲ့ဆွေးနွေးတာမျိုးလက်မခံကြောင်း စက်တင်ဘာ ၁၀ရက်နေ့မှာ People’s Spring ရဲ့ မေးမြန်းချက်အပေါ် အဖွဲ့မူဝါဒကိုပြောပြခဲ့ပါတယ်။

အဲဒီတုန်းကလည်း အာဏာသိမ်းစစ်တပ်ရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေက KIO/KIAနဲ့ ဆွေးနွေးလိုကြောင်း ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဗိုလ်မှူးကြီးနော်ဘူကပြောကြားခဲ့တာပါ။

“တဖွဲ့ချင်း တဖွဲ့ချင်း ဖဲ့ပြီးမှဆွေးနွေးတယ်ဆိုတာကတော့ လက်နက်ချပါ လက်နက်ကိုင်လမ်းစဉ်တွေကို စွန့်လွှတ်ပါ ဆိုတာပါပဲ။ ဒါအမြဲတမ်း လွန်ခဲ့တဲ့ အချိန်ကာလမှာလည်း ဒီလိုပဲ ပြောကြတာပေါ့လေ”လို့သူက​ပြောပါတယ်။

လတ်တ​​လောမှာ KIA နဲ့ စစ်တပ်ဟာ ဗန်း​မော်မြို့ ၊ မိုးမိတ်မြို့အနီး ၊ ကချင်နဲ့စစ်ကိုင်းအစပ် စတဲ့​ဒေသ​တွေမှာ တိုက်ပွဲအပြင်းအထန်ဖြစ်​နေပါတယ်၊

KIO/KIAဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ အဖွဲ့တွေပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်ပါတယ်။ ဒါ့အပြင် SCEF ရဲ့ စစ်ရေးကော်မတီကို KIO/KIAနဲ့ KNU/KNLA စစ်ဘက်ခေါင်း

ဆောင်တွေက ဦးဆောင်ထားတာဖြစ်ပြီး NUG ကာကွယ်ရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် တာဝန်ယူကာ အခြားအဖွဲ့ဝင် အဖွဲ့အစည်းတွေက စစ်ဘက်ခေါင်းဆောင်တွေ ပါဝင်စုဖွဲ့ထားတာပါ။ ဒီအစုအဖွဲ့ဟာ စစ်ကောင်စီကို စစ်ရေး၊ နိုင်ငံရေး အပါအဝင် ဘက်ပေါင်းစုံ ပူးပေါင်းပြီး တော်လှန်တိုက်ခိုက်သွားဖို့ ဖြစ်ကြောင်း အသိပေးထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းနဲ့မ​ကွေး ဖက်ဒရယ်ယူနစ်​တွေကလည်း SCEF မှာထပ်မံပူး​ပေါင်းပါဝင်ခဲ့ပါတယ်။ AA ၊ SRA ၊ PNLO/PNLA နဲ့ PNFC အပါအဝင်ပအိုဝ်​တော်လှန်​ရေးအဖွဲ့​တွေ ၊မွန်​တော်လှန်​ရေးအဖွဲ့​တွေနဲ့လည်း SCEF က ၂ ကြိမ်စီ​တွေ့ဆုံ​ဆွေး​နွေးထားပါတယ်။

SCEFရဲ့ ရည်မှန်းချက်မှာ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်ပြီး ပဋိပက္ခကို ဖြစ်စေသော အရင်းခံအကြောင်းရင်းများကို ဖြေရှင်းကာ တန်းတူညီမျှမှု၊ မျှဝေကျင့်သုံးသောအချုပ်အခြာအာဏာ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီအရ ပါဝင်မှု၊ တရားဥပဒေစိုးမိုးရေး၊ မတူကွဲပြားမှုကို လေးစားမှုနဲ့ အရပ်သားအစိုးရအုပ်ချုပ်မှုတို့အပေါ် အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ်ကို တည်ဆောက်နိုင်မယ့် နိုင်ငံရေး အသွင်ကူးပြောင်းရေး ဖြစ်တယ်လို့ ပြီးခဲ့တဲ့ဇူလိုင်လက SCEF ကိုယ်စားလှယ်​တွေနဲ့ အာဆီယံမှ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံခြား​​​ရေး ဝန်ကြီး​တွေ ​တွေ့ဆုံစဥ် အသိ​ပေး​ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

မြန်မာ့နိုင်ငံရေးအရှိတရားဟာ အခြေခံကျကျ ပြောင်းလဲသွားပြီဖြစ်ပြီး ဒီနေ့မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးဟာနေပြည်တော်မှာဘဲ သီးသန့် မရှိတော့ဘူးလို့ နိုင်ငံတကာကို SCEF သတင်းစကားပါးထားပါတယ်။တိုင်းပြည်ရဲ့ နေရာအများအပြားမှာ အုပ်ချုပ်ရေးကို ပြည်နယ်/ယူနစ်အခြေခံဖြင့် ဆောင်ရွက်နေကြသလို ဒေသကိုယ်စားပြုအာဏာပိုင်များက နယ်မြေအတွင်းအုပ်ချုပ်ရေး၊ ပြည်သူ့လုံခြုံရေး၊ တရားစီရင်ရေး၊ ပြည်သူ့ဝန်ဆောင်မှုများနဲ့ ၎င်းတို့သက်ဆိုင်ရာပြည်သူများရဲ့ နိုင်ငံရေးဆန္ဒများကို ကိုယ်စားပြု ဆောင်ရွက်နေကြတာလို့ SCEFက ပြောပါတယ်။

SCEF ဟာ ပြည်သူကိုအသိ​ပေးထားတဲ့ နိုင်ငံ​ရေးဦးတည်ချက် ၆ ရပ်အတိုင်း​ တဆင့်ချင်းရှေ့ဆက်သွား​နေတယ်လို့ တာဝန်ရှိသူတဦးက​သြဂုတ်လမှာပြောပါတယ် ။ အဲတာ​တွေက​တော့

၁) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေးမှာ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန်

(၂) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထား သည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်

(၃) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန်

(၄) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန်

(၅) ထွက်ပေါ်လာမည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်

(၆) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်တို့ဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊မြစ်ကမ်းကြီးကျေးရွာရဲ့ အနောက်ဘက်မြစ်အတွင်းကတံငါသည်တွေကို စစ်တပ်က ပစ်ခတ်လို့ တံငါသည် ၁ဦး သေနတ်ထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တွေနဲ့ ငပြီကျွန်းတိုက်ပွဲမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် လူနေကျေးရွာတွေနဲ့ မြို့ပေါ်တွေကို Y-12 လေယာဉ်နဲ့ ဗုံးပတ်ကြဲတာကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ‌‌ တော်လှန်ရေးပူး‌ပေါင်းတပ်တွေဟာ ဝန်းသိုနဲ့ထီးချိုင့်မြို့နယ်မှာ တိုက်ပွဲပြင်းထန်‌နေပြီး ဒီကနေ့(အောက်တိုဘာ၂၁ရက်)မနက်မှာ နေရာ ၂ခုကို စစ်တပ်က လေကြောင်းကနေဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က စခန်းတချို့ သိမ်းယူခံရပြီးတဲ့နောက် စစ်တပ်က ဆေးခန်းအပါအဝင် အရပ်သားတွေရှိရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။