ဒီးဒီ၊သတိုး/People’s Spring
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်က စစ်ကောင်စီရဲ့ စစ်သင်တန်းကျောင်းတွေရှိတဲ့ (၇)မိုင်ရွာနဲ့ တွင်းငယ်ကျေးရွာတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA က ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ သပိတ်ကျင်းမြို့နဲ့ (၇)မိုင်သာကွာဝေးတဲ့ (၇)မိုင်ကျေးရွာမှာ စစ်ကောင်စီရဲ့ လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းရှိပါတယ်။ ဒါ့အပြင် သပိတ်ကျင်းမြို့နဲ့ (၂၆)ခန့်ကွာဝေးတဲ့ တွင်းငယ်ကျေးရွာမှာ အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)ရှိပါတယ်။ အဲဒီကျေးရွာတွေမှာ ၂၀၂၄ ဒီဇင်ဘာလဆန်းပိုင်းကတည်းက တိုက်ပွဲတွေဖြစ်နေတာပါ။ အဲဒီကတည်းကနေ ခုလက်ရှိအချိန်ထိ နှစ်ဖက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။
” သပိတ်ကျင်းပတ်ချာလည်ဆို (၇)မိုင်။ တွင်းငယ်ဘက်ကကျတော့ ဟိုရက်တွေတုန်းက အပြင်းအထန်တွေဖြစ်တာတွေရှိတယ်။ အခုဒီရက်ပိုင်းတွေကျတော့ သူတို့က ရန်သူကလည်း သူတို့က တိုက်ပွဲကြီးမဖော်ပေမယ့် မိုင်းလာရှင်းတာတွေလုပ်တယ်။ မျိုးစုံတွေပေါ့။ကင်းထောက်တာတွေလုပ်တယ်။ နေ့တိုင်းလိုလို ဒရုန်း တစ်လုံး၊ တစ်လုံးလာချတာတွေရှိတယ်။ဒီဘက်ကို ထိန်းထားတာပေါ့။ တိုက်ပွဲမဖြစ်အောင်။ (၇)မိုင်ဘက်ကို ဖိထိုးနေတာပေါ့။ တစ်ခါတစ်ရံကျရင် (၇)မိုင်ရော၊ တွင်းငယ်ရော ပြိုင်တူတွေအပြင်းအထန်တွေ ဖြစ်တာတွေလည်းရှိတယ်။ ဒီနှစ်နေရာက အဓိကပဲ”လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Public Service Announcement
မန္တလေးမြို့နဲ့ မိုင်(၈၀)ခန့်အကွာက ရွှေလုပ်ကွက်တွေကြောင့် နာမည်ကြီးတဲ့ သပိတ်ကျင်းမြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက ၉ ရက်ကြာတိုက်ခိုက်ပြီးနောက် ပြီးခဲ့တဲ့ ၂၀၂၄ သြဂုတ် ၂၅ရက်မှာ အပြီးသတ်သိမ်းပိုက်ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
တကယ်တော့ သပိတ်ကျင်းမြို့ကိုသာ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရခဲ့တာဖြစ်ပြီး မြို့နယ်တစ်ခုလုံးက စစ်ကောင်စီတပ်သားတွေ ကင်းစင်ခဲ့တာ မဟုတ်ပါဘူး။ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲက ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ (၇)မိုင်က အင်ဂျင်နီယာတပ်စခန်းနဲ့ တွင်းငယ်က တတက−၁၃မှာ သွားရောက်စုဝေးသလို ၊စစ်တပ်ကစစ်ကူပို့တဲ့စစ်သားတွေနဲ့ပေါင်းပြီး ခံစစ်ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီကနေ စုဝေးစစ်ကြောင်းထိုးပြီး ကျေးရွာအချို့ကို ပြန်သိမ်းယူနေတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ တွင်းငယ်ကျေးရွာမှာ တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၄ရက်နေ့မှာ ကျေးရွာကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။
တွင်းငယ်ကျေးရွာက ရဲကင်းစခန်းကို မန္တလေးတိုင်း တာဝန်ခံရုံးကွပ်ကဲပြီး အမှတ် (၅၀၉)တပ်ရင်း ၊ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF၊ ABSDF ကျောင်းသားတပ်နဲ့ သပိတ်ကျင်းမြို့နယ် ပကဖတို့က ၂၀၂၄ ဇူလိုင်၂၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ အမှတ်(၁)စစ်ဒေသရုံးက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် တွင်းငယ်ကျေးရွာကို PLAက ၂၀၂၄ ဩဂုတ် ၁၇ရက်မှာ သိမ်းပိုက်ခဲ့တာလို့ အသိပေးထားပါတယ်။ အဲဒီနောက် ကျေးရွာမှာရှိတဲ့ အမှတ် (၁၃)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တတက-၁၃)ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားခဲ့တာလို့ PLA ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဒါပေမယ့် သုံးလကျော်အကြာမှာ စစ်တပ်ကပြန်ထိုးစစ်ဆင်လို့ တွင်းငယ်ရွာကနေ တော်လှန်ရေးတပ်တွေပြန်ဆုတ်ခဲ့ရပါတယ် ။ကျေးရွာကနေ အပြီးဆုတ်ခွာပေးရတာမျိုး မဟုတ်ဘဲ ကျေးရွာအပြင်ကနေ စစ်ကောင်စီတပ်တွေကို ဝန်းရံပိတ်ဆို့ထားဆဲလို့ ဆိုပါတယ်။
” သပိတ်ကျင်းမှာ အခုကတပ်တွေရှိတာက ၁၃တပ်ဆိုရင် တွင်းငယ်ဘက်ပေါ့။ ဟိုဘက်က (၇)မိုင်ကကျတော့ စစ်အခြေခံလေ့ကျင့်ရေးကျောင်း ရှိတယ်ပေါ့ ။ ကျောက်ကြီးကတော့ သိပ္ပံနဲ့နည်းပညာရှိတယ်။အဲဒီ နားတွေမှာ အဓိကတပ်တွေကျန်တာပေါ့။ အဓိက တပ်တွေကျန်တဲ့အခါကျတော့ တောက်လျှောက်က ဒုတိယလှိုင်းမှာ မန္တလေးPDF တို့ဘာတို့က ကျွန်မတို့ တွင်းငယ်ကိုသိမ်းပြီးတဲ့အချိန်မှာ သူတို့က တကောင်းကို သွားသိမ်းတယ်။သိမ်းပြီးတော့ သပိတ်ကျင်းကိုသိမ်းပြီးတာနဲ့ မတ္တရာဘက်ကို ဆင်းသွားတယ်လေ။ ရှင်းလင်းရေးလုပ်ပြီးဆင်းသွားတယ်”လို့ PLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေ လုံးဝကင်းစင်မသွားသေးတာကြောင့် တအာင်းတပ်မတော်း(TNLA)နဲ့ PLAတို့က ဆက်ပြီး ပိတ်ဆို့ထိန်းသိမ်းထားခဲ့ရတယ်လို့ ဆိုပါတယ်။
” အဲဒီအချိန်မှာ ဒီတပ်တွေက ဒီအတိုင်းပဲကျန်ခဲ့တာ။ မသိမ်းနိုင်သေးဘူး။အဲဒီ့မှာ အဲဒီ့တပ်တွေကို ဝိုင်းပိတ်ပြီးတော့ ကာထားတာပေါ့။ အကုန်လုံးရှေ့ထွက်မလာအောင် ။ ကျွန်မတို့တွေက ဆက်ပြီးထိန်းခဲ့ရတာပေါ့။ သူ့အပိုင်းနဲ့သူဆက်ထိန်းပြီး တိုက်ပွဲတွေက ငြိမ်သွားလိုက်၊ တိုက်လိုက်ပဲ။ အပြင်းအထန် သာမဖြစ်တာ။ အဲဒီ့အချိန်မှာ ရန်သူက အားပျော့နေတာလေ။ ထိုးစစ်ကြီးနဲ့ တွေ့ထားတော့ အားပျော့နေတာ”လို့ PLAက ပြောပါတယ်။
ဒါ့အပြင် မိုးကုတ်နဲ့ မိုးမိတ်မြို့သိမ်းတိုက်ပွဲတွေက ထွက်ပြေးလာကြတဲ့ စစ်ကောင်စီတပ်သားတွေကလည်း တွင်းငယ်ရွာက တတက−၁၃တပ်ရှိရာကို ပြေးလာပြီး စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။
” အဲဒီ ၁၃ထဲကို ပြေးတဲ့အခါကျတော့ တဖြည်းဖြည်းနဲ့ အဲ့ဘက်မှာ လူစုမိသွားတယ်။ နောက်တပ်ကလည်း တိုက်တာက နည်းနည်းကြာလာတော့ ခဲယမ်းဘာညာအင်အားတွေနည်းပါးလာတော့ သူတို့ဘက်ကကျတော့ ဒရုန်းလို ဘာတို့ နည်းပညာတွေ မြှင့်လာတာတွေလည်းပါတယ်။နောက် လေကြောင်းတို့ဘာတို့ကနေ ကူနိုင်တာကိုး”လို့ PLA က ရှင်းပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ဧရာဝတီမြစ်ကြောင်းကနေ ထောက်ပို့လုပ်နိုင်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ကူနိုင်တာနဲ့ လေကြောင်းကနေ တရပ်စက်တိုက်ခိုက်ခဲ့တာကြောင့် တွင်းငယ်ရွာကနေ ဆုတ်ခွာခဲ့ရတာလို့ ဆိုပါတယ်။
“သူတို့တပ်ချင်းက ဆက်စပ်ပြီး ကူလို့ရတယ်။နောက် ပြင်ပကနေ တပ်ကူတွေဘာတွေ လက်နက်ခဲယမ်းထောက်တဲ့ လမ်းကြောင်းတွေက နောက်မှာပွင့်နေတဲ့အခါကျတော့ ဒီဘက်ကတိုက်ရတာက နည်းနည်းအခက်အခဲရှိတာပေါ့။ လှိုင်းတွေ(၁၀၂၇စစ်ဆင်ရေး) ငြိမ်သွားသလိုဖြစ်တော့ သူတို့ကအဲဒါကို အခွင့်ကောင်းယူပြီး သူတို့က ပြန်ထိုးလာတဲ့ သဘောပေါ့။ ဒါပေမယ့် ဒီဘက်ကလည်း အတတ်နိုင်ဆုံး သေချာတော့ ကာထားတယ်။ တိုက်နေတယ်ပေါ့”လို့ PLAက ပြောပါတယ်။
လက်တလောမှာတော့ (၇)မိုင်ကျေးရွာမှာ တိုက်ပွဲတွေ ပိုဖြစ်နေပြီး (၇)မိုင်ကို အဓိကဦးဆောင်တိုက်ခိုက်နေတာက မန္တလေး PDF၊ မိုးကုတ်ဗျူ
ဟာနဲ့ TNLA တို့ဖြစ်ပါတယ်။
“(၇)မိုင်ဘက်က နှစ်ဖက်အပြန်အလှန်တော့ တိုက်နေကြတာပေါ့။လက်ရှိစိုးမိုးတာက ရန်သူ့ဘက်ကထိန်းချုပ်သွားတာတော့ မရှိသေးဘူး။ အပြန်အလှန်တွေတော့ တိုက်နေကြတယ်ဆိုတော့ (၇)မိုင်တစ်ခုလုံးကတော့ စကစက မချုပ်နိုင်သေးဘူး။ အဲဒီနားမှာပဲ တိုက်ပွဲတွေ ဖြစ်နေကြတာဆိုတော့လေ။ အဲဒါကိုသေချာပြန်မေးကြည့်မယ်။ဘယ်သူက ဘယ်အပိုင်းအထိ ထိန်းချုပ်ထားပြီလဲဆိုတာ။ရန်သူ့ဘက်ကလည်း စစ်ေးတွေ အကျအဆုံးတွေများတယ်လို့ သိရတယ်”လို့ PLA ကပြောပါတယ်။
PLA ကလည်း ကျောက်ကြီးကျေးရွာက စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်နေပါတယ်။
(၇)မိုင်ရွာနဲ့ (၄)မိုင်ခန့်ကွာဝေးတဲ့ သိပ္ပံနှင့် နည်းပညာကျောင်းရှိတဲ့ ကျောက်ကြီးကျေးရွာမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ PLAက ပြောပါတယ်။
