အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ကာလ ရောက်လာတာကြောင့် ညနေဘက် ဝါဖြေချိန် ဗလီတွေဝန်းကျင်မှာ အစားအသောက်တွေကို ရောင်းချနေကြပါပြီ။
ဒီနှစ်မှာတော့ ခေတ်ကာလအခြေအနေတွေကြောင့် အရင်နှစ်လောက် မစည်ကားဘူးလို့ ဝါဖြေတန်းကိုသွားခဲ့သူက ပြောပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်ကာလကမတ်လဆန်းမှာစတင်ခဲ့တာဖြစ်ပြီး တစ်လကြာမြင့်မယ့် ဥပုသ်ကာလမှာ ဒီလို ညနေဈေးတန်းလေးတွေက ဗလီပတ်ဝန်းကျင်တွေမှာပြုလုပ်ကြတာပါ။

Public Service Announcement
ဒီကနေ့ညနေမှာတော့ ဗိုလ်ဆွန်ပက်လမ်း အလယ်ဘလောက်က ဝါဖြေဈေးတန်းမှာ ထုံးစံအတိုင်း မြန်မာကြက်ကို အကင်၊ အချက် မျိုးစုံတွေ့ရသလို အန္ဒိယရိုးရာအစားအသောက်တွေနဲ့အတူ ပဲသုပ်၊ ခေါက်ဆွဲကြော် ကြာဇံကြော် ထမင်းကြော် နဲ့အကြော်စုံတွေ ရောင်းချနေတာ တွေ့ခဲ့ရပါတယ်။
အချိုပွဲတွေအနေနဲ့လည်း ရောင်စုံကျောက်ကျော၊ ကြက်ဥပူတင်း စတာတွေအပြင် အသီးအနှံမျိုးစုံနဲ့ ကြံရည် နဲ့ ဥသျှစ်သီး ဖျော်ရည်ကိုလည်း တစ်လီတာဘူးတွေနဲ့ ထည့်ရောင်းနေတာတွေ့ရပါတယ်။
ဒီဈေးတန်းတွေပြုလုပ်ချိန်တိုင်း ဝါဖြေတဲ့ အစ္စလာမ် ဘာသာဝင်တွေတင်မဟုတ်ပဲ အခြားဘာသာဝင်တွေလည်း လာရောက်ဝယ်ယူနေကြတာတွေ့ရပါတယ်။
