ရဲခေါင်၊နိုင်ပကောင်း / People’s Spring
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများတင်သွင်းလာသည့် ရာနှင့်ချီသော ကုန်ကားများအား စစ်ကောင်စီက ဖမ်းဆီးထားကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်အချို့က ပြောသည်။
မတ်လ ၅ရက်ကစပြီး ယနေ့(မတ်လ ၇ရက်)အထိ သုံးရက်အတွင်း ထိုင်းနိင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများအား စစ်ကောင်စီ၏ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုသော အဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဟု ဆိုသည်။
“မနေ့က ညနေပိုင်း ကုန်ထုတ်လို့ရမလားဆိုပြီး သွားစုံစမ်းတာ။ ထုတ်ဖို့ဆိုတာ နောက်ထပ်ရောက်လာတဲ့ကားတွေတောင်ပိုများသွားတယ်။မနေ့ကအထိဆို အစီးရေ ၇၅၀ ကျော်ရှိတယ်”ဟု ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

Public Service Announcement
စစ်ကောင်စီအဖွဲ့က ဘားအံမြို့ရှိ ကုန်စည်ဂိုဒေါင်ရုံများအား လိုက်လံဖမ်းဆီး၍ ကုန်ကားအစီးရေ အများအပြားဖမ်းဆီးခံရခြင်းဟု ဆိုသည်။
ဖမ်းဆီးသိမ်းဆည်းခံထားရသည့် ကုန်ကားများအား ဘားအံမြို့ပတ်လမ်းဆုံရှိ သီရိကွင်း၌ ထားရှိသည်ဟု ၎င်းက ဆိုသည်။
” ၂၂ဘီး ၊ ၁၂ဘီး၊ ၆ဘီး အကုန်ပါတယ်။စကစ ဖမ်းနေတာ မသိကြသေးဘူးထင်တယ်။မနေ့က ညရော ဒီမနက်ပါ ထပ်ဖမ်းခံရတာဆိုရင်အစီး ၁,၀၀၀ကျော်သွားပြီ”ဟု ဘားအံ – ရန်ကုန် ကုန်စည်ပို့ဆောင်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
မြဝတီမြို့မှထွက်ခွာလာသည့် ကုန်ကားများကို စစ်ကောင်စီ၏ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဘားအံ-လှိုင်းဘွဲ လမ်းပေါ် ထီလုံရွာ စစ်ဆေးရေးဂိတ်နှင့် ဘားအံမြို့ အဝင် စစ်ဆေးရေးဂိတ်များ တွင် စောင့်ကြိုဖမ်းဆီးခဲ့ရာ မော်တော်ယာဉ်ရာနှင့် ချီ ဖမ်းဆီးခံရပါသည်။
ဖမ်းဆီးခံရသည် ကုန်ကားများတွင် အပစ်ရပ် ကရင်လက်နက်ကိုင်အဖွဲ့အစည်းပိုင် ကားများနှင့် ကရင်နယ်ခြားစောင့်တပ်(BGF)ပိုင် ကားများ လည်း အများအပြားပါဝင်သည်ဟု ကရင်သတင်းရင်းမြစ်က အသိပေးသည်။
“ကြားတာကတော့ PCအဖွဲ့အစည်း(ကရင်ငြိမ်းချမ်းရေးကောင်စီ)ကားတွေလည်း အများကြီးပါသွားတယ်” ဟု ကရင်သတင်းရင်းမြစ်က ပြောသည်။
အခွန်မပေးသည့် ကုန်သွယ်မှုများကို ဖမ်းဆီးအရေးယူမှု ပိုမိုတိုးမြှင့်ရန် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဌလည်းဖြစ်သူ စစ်ကောင်စီ ဒုခေါင်းဆောင်စိုးဝင်းက ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် ညွှန်ကြားခဲ့သည်။
ထို့အပြင် ပြည်တွင်း သိုလှောင်ရုံနှင့် ဈေးကွက်များတွင်ပါ စစ်ဆေးအရေးယူရန်လည်း ၎င်းက ပြောဆိုခဲ့သည်။
“အခုလို ဖမ်းခံလိုက်လို့ ရှုံးရင် ကုန်သည်တွေက တခါပဲအရှုံးခံမှာပေါ့။ရှင်းရှင်းပြောရရင် နောက်ပိုင်းမှာ အခြေခံကျတဲ့ပြည်သူတွေပဲ နစ်နာမှာ။သုံးနေကြ ပစ္စည်းရှားမယ်။ပြတ်မယ်။စျေးတွေ ပိုကြီးမှာပေါ့”ဟု ဘုရင့်နောင်ပွဲရုံမှ လုပ်ငန်းရှင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
ကုန်သွယ်မှုလိုင်စင် လျှောက်ထားရာတွင် ကြန့်ကြာခြင်း၊ငွေစာရင်းတင်ပြရမှု နှင့် အခွန်အကောက်ခံမှုများလာခြင်း အပါအဝင် ကုန်သွယ်မှုရငွေကို စစ်ကောင်စီသတ်မှတ်သောငွေလဲနှုန်းအတိုင်း လဲလှယ်ရခြင်းတို့သည် စီးပွားရေးလုပ်ငန်းများကို အဟန့်အတား ဖြစ်စေသည်ဟု ၎င်းက ပြောသည်။
အခွန်မဆောင်သည့် ကုန်သွယ်မှုများကို ၂၀၂၂မှ ၂၀၂၄အထိ ဖမ်းဆီးရာတွင် ကျပ်ဘီလီယံ ၄၀၀ ကျော်ရရှိခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။
