အီယိုရီ/People’s Spring
မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေဆဲ လက်နက်ကိုင် ပဋိပက္ခတွေကို ဖြေရှင်းနိုင်ရေး နည်းလမ်းများရှာဖွေဖို့ တိုင်းရင်းသားအစုအဖွဲ့များရဲ့ အရေးပါတဲ့ ခေါင်းဆောင်တွေနဲ့ စတင်တွေ့ဆုံမှုများလုပ်ဆောင်နေပြီလို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ပြောဆိုလိုက်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်းဟာ မလေးရှားအစိုးရပိုင် Bernama သတင်းဌာနနဲ့ ဘန်ကောက်မြို့မှာပြုလုပ်ခဲ့တဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုလိုက်တာပါ။
“သူတို့(မြန်မာတိုင်းရင်းသားခေါင်းဆောင်တွေ)က ရှည်လျားတဲ့တောင်းဆိုမှုတွေနဲ့ ရောက်လာကြတယ်။ ဒါပေမဲ့ ကျွန်တော်က သူတို့ကို လက်တွေ့ကျတဲ့ အကျဥ်းချုံးတောင်းဆိုမှုနဲ့ ပြန်လာဖို့ ပြောလိုက်ပါတယ်” လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်က ပြောပါတယ်။

Public Service Announcement
မြန်မာနိုင်ငံရှိ ဘယ်တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေနဲ့ ဘယ်တုန်းက၊ ဘယ်နေရာမှာ တွေ့ဆုံခဲ့တယ်ဆိုတာတွေကိုတော့ မစ္စတာသက်ဆင်က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာသက်ဆင်ဟာ လက်ရှိ ထိုင်းဝန်ကြီးချုပ် ပေတွန်တန်ရဲ့ ဖခင်ဖြစ်သလို ဒီနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်ရဲ့ အလွတ်သဘောအကြံပေးပုဂ္ဂိုလ်အဖြစ် လုပ်ဆောင်နေပါတယ်။
မြန်မာစစ်ကောင်စီအနေနဲ့ အထွေထွေရွေးကောက်ပွဲကျင်းပမယ့်အကြောင်း မပြောခင်မှာ တိုင်းရင်းသားအစုအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံပြီး ပိုမိုပြီး အားလုံးပါဝင်တဲ့ ချဥ်းကပ်မှုတစ်ခုကို ချမှတ်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်းက Bernama သတင်းဌာနကို ပြောပါတယ်။ အဲဒီလို မလုပ်ဆောင်ရင် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဟာ အလဟဿဖြစ်လိမ့်မယ်လို့ မစ္စတာသက်ဆင်က သတိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံအရေးဟာ အာဆီယံအတွက် ဘေးကျပ်နံကျပ်အခြေအနေဖြစ်တယ်လို့လည်း ထိုင်းဝန်ကြီးချုပ်ဟောင်းက ဆိုပါတယ်။
ဒါပေမဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားရဲ့ ဦးဆောင်မှုအပေါ် ယုံကြည်မှုရှိတယ်လို့ မစ္စတာသက်ဆင်က Bernama ကို ပြောပါတယ်။
မစ္စတာသက်ဆင်ဟာ မလေးရှားဝန်ကြီးချုပ်ရဲ့အလွတ်သဘောအကြံပေးပုဂ္ဂိုလ် ခန့်အပ်ခြင်းမခံရခင် ပြီးခဲ့တဲ့နှစ် မတ်လနဲ့ ဧပြီလတွေမှာ ချင်းမိုင်ခရိုင်မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်နေတဲ့ တိုင်းရင်းသားအဖွဲ့အချို့ရဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
မလေးရှားဝန်ကြီးချုပ်ရဲ့ အကြံပေးဖြစ်လာပြီးနောက်ပိုင်းမှာ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာနှောင်းပိုင်းနဲ့ ဒီလဆန်းပိုင်းမှာ နှစ်ကြိမ် လူချင်းတွေ့ဆုံခဲ့ပြီး မြန်မာ့အရေး၊ ထိုင်းတောင်ပိုင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုများနဲ့ ဒစ်ဂျစ်တယ်ငွေကြေးလို့ ခေါ်တဲ့ cryptocurrency ဖြစ်ပေါ်တိုးတက်မှုတွေအပါအဝင် အရေးကြီးတဲ့ကဏ္ဍပေါင်းစုံကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ကိုးကား – Bernama
