ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကူလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက ပြည်သူတစ်ဦးအား သတ်ဖြတ်ပြီး ဘုန်းကြီးကျောင်းမှ ဘုရားရွှေသင်္ကန်းဖိုး ၇ သိန်းကျပ်အားခိုးယူသွားသည်ဟုဒေသခံများက ပြောသည်။
စက်တင်ဘာ ၂၀ ရက်က ဘုတလင်မြို့မှ ကူတော်ရွာစခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်သည် ကျွဲသေချောင်းရွာသို့ ဝင်ရောက်ပြီး နေအိမ်များကို မွှေနှောက်ဖျက်ဆီးခိုးယူကာ အသက်၄၉ နှစ်အရွယ်ကိုမျိုးဦးဆိုသူကိုသတ်ဖြတ်သွားခဲကြောင်းဒေသခံများက ပြောသည်။
“ဘုန်းကြီးကျောင်းကဘုရားရွှေသင်္ကန်းကပ်ဖို့ထားထားတဲ့ ငွေ ၇ သိန်းကျပ်လည်းခိုးသွားတယ်”ဟု ဘုတလင် ဒေသခံတဦးကပြောသည်။

Public Service Announcement
စက်တင်ဘာ၂၁ရက်တွင်မူ ထိုစစ်ကြောင်းသည် ကူတော်စခန်းအတွင်းသို့ ရောက်ရှိသွားကြောင်းသိရသည်။
စက်တင်ဘာ ၁၉ ရက်ကလည်း ဘုတလင်မြို့နယ်၊ ကံသာကျေးရွာမှ CDM ကျောင်းဆရာမတစ်ဦးနှင့် ၎င်း၏မောင် မသန်စွမ်းတစ်ဦး မြို့ပေါ်စျေးလာဝယ်ရင်း ဖမ်းဆီးခံရပြီး.မောင်ဖြစ်သူအား စစ်တပ်ကသတ်ဖြတ်၍ အလောင်းအား လမ်းဘေးစွန့်ပစ်သွားခဲ့ကြောင်း ဒေသခံများကပြောသည်။
စက်တင်ဘာ ၂၁ ရကတွင်ဘုတလင်မြို့နယ်၊ကူတော်ရွာစခန်းရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
