ဟန်နွေ/People’s Spring
တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့်သီပေါမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ Y-12 လေယာဥ်ဖြင့် ဗုံးအလုံး(၅၀)ကျော် လာရောက်ကြဲချတိုက်ခိုက်ခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။
စက်တင်ဘာ ၁၆ရက် နံနက် ၉နာရီကစ၍ လေကြောင်းတိုက်ခိုက်မှု စတင်ခဲ့ရာ တိုက်ခိုက်ချိန် ၁နာရီ ကြာမြင့်ခဲ့ကြောင်း၊ထိုသို့တိုက်ခိုက်ခဲ့၍ လူနေအိမ်များ ပျက်စီးခဲ့သည့်အပြင် ဒေသခံ တစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြသည်။

Public Service Announcement
စစ်ကောင်စီတပ်သည် ယမန်နေ့ ညကလည်း သီပေါမြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သီပေါမြို့ဇတ်စုရပ်ကွက်အတွင်း ကျရောက် ပေါက်ကွဲကာ နေအိမ်တစ်လုံး မီးလောင်ပြာကျသွားခဲ့သည်ဟု ဆိုသည်။
TNLAသည် သီပေါမြို့ရှိ စစ်ကောင်စီလက်ကျန် တပ်စခန်း များအနက် ခလရ(၂၃)ကို စက်တင်ဘာ ၁၄ရက်တွင် ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ ယမန်နေ့ စက်တင်ဘာ ၁၅ရက်တွင် တိုက်ပွဲပြင်းထန်ခဲ့သည်။
ယနေ့ တိုက်ပွဲဖြစ်ပွားမှုရှိ၊မရှိ အပါအဝင် စစ်ရေးအခြေအနေများ မေးမြန်းရန် TNLAသတင်းပြန်ကြားရေးဌာန တာဝန်ခံ လွေးယေဦးထံသို့ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။
စစ်ကောင်စီတပ်သည် ပြည်သူလူထုများအား ဦးတည်ကာ လေကြောင်းဖြင့် လိုက်လံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရသူအများအပြားရှိသကဲ့သို့ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း ဘာသာရေးအဆောက်အဦးနှင့် ဒေသခံနေအိမ် ထိခိုက်ပျက်စီးမှု အများအပြားရှိခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။
