close
Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲမရှိသောနေရာများအား လေကြောင်း တိုက်ခိုက်နေသည့် စစ်ကောင်စီလုပ်ရပ် ရိုင်းစိုင်းသော လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ဟု MNDAAထုတ်ပြန်

ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကား ၂၀စီးခန့် ပေါက်ကွဲပျက်စီးခဲ့ဟု အသိပေး

ယမန်နေ့နံနက်က လားရှိုးမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

စစ်ကောင်စီတပ်က လားရှိုးမြို့အပါအဝင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ကျူးလွန်နေခြင်းသည် ရိုင်းစိုင်းသောလူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် MNDAAသိမ်းပိုက်ထားသည့် လားရှိုးမြို့ကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဩဂုတ် ၃၀ရက်တွင် တစ်ကြိမ်၊ စက်တင်ဘာ ၈ရက်တွင် တစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာ ၈ရက် လေကြောင်း တိုက်ခိုက်မှုတွင် နေရာ ၂ခုကို ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး လားရှိုးမြို့ မိုးလုံလေလုံအားကစားကွင်းနှင့် ရေပူစမ်းအနီးရှိ Silver Sky ဟိုတယ်အနီးဗုံးများ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ယမန်နေ့နံနက်က လားရှိုးမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ

ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အားကစားရုံ၌ သိမ်းထားသည့် ပြည်သူလူထု၏ ကားနှင့် ဆိုင်ကယ်အများအပြား ပျက်စီးခဲ့ပြီး ယင်းအနက် ကုန်တင်ကား ၄စီးနှင့် အိမ်စီးကား ၁၅စီး ပေါက်ကွဲပျက်စီးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ အားကစားရုံတွင် တိုက်ပွဲကာလအတွင်း လားရှိုးမြို့ခံများ ခိုးယူခံရသည့် မော်တော်ဆိုင်ကယ်နှင့် ကားအမြောက်အမြားကို အထူးဒေသရဲတပ်ဖွဲ့မှ ပြန်လည်တွေ့ရှိပြီးနောက် ယင်းနေရာ၌ ပြည်သူတို့ ပြန်ပေးနိုင်ရန် အတွက် ခေတ္တသိမ်းဆည်းထားခြင်းဖြစ်သည်ဟု ဆိုသည်။

SilverSky ဟိုတယ်အနီးရှိ လယ်မြေများတွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပြင်းထန်သော ပေါက်ကွဲမှုကြောင့် ဟိုတယ်ကိုပြင်းထန်စွာ ထိခိုက်ခဲ့ပြီး ဟိုတယ်အတွင်းရှိပစ္စည်းများနှင့် အဆောက်အဦများ ဆက်တိုက်ပျက်စီးခဲ့သည်ဟုဆိုသည်။

ယမန်နေ့လေကြောင်းတိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးရှိမရှိကို MNDAA၏ ထုတ်ပြန်ချက်၌ မတွေ့ရပေ။

ယမန်နေ့နံနက်က လားရှိုးမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ

လက်ရှိတွင် လားရှိုးမြို့၌ စစ်ပြီးခေတ် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများသည် သိသာထင်ရှားသော ရလဒ်များထွက်ပေါ်လာပြီး ပြည်သူများ၏ ထုတ်လုပ်မှုနှင့် ဘဝသည် တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ်နှင့် တည်ငြိမ်မှုဆီသို့ မှန်မှန် ရွေ့လျားလာနေသည့် အခြေအနေတွင် မင်းအောင်လှိုင်အာဏာသိမ်းတပ်က တိုက်ပွဲမရှိသော နေရာများရှိ ပြည်သူ့အဆောက်အအုံများနှင့် လူနေအဆောက်အအုံများကို အကြိမ်ကြိမ် လေကြောင်းမှ စီးနင်းတိုက်ခိုက်ခဲ့ဟု MNDAAက ထုတ်ပြန်သည်။

အဆိုပါလုပ်ရပ်သည် ပြည်သူများ၏ အသက်နှင့် သေဆုံးမှုကို လုံးဝဂရုမစိုက်ဘဲ မြို့နေလူထုကို အလွန်ထိတ်လန့်စေခဲ့ လုပ်ရပ်ဖြစ်ကြောင်း ဖော်ပြသည်။

ယမန်နေ့နံနက်က လားရှိုးမြို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ

ထိုသို့သော လူသားမျိုးနွယ်အပေါ် တမင်တကာ ရာဇ၀တ်မှုများသည် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်နေသည့် ပါတီအားလုံး၏ ကြိုးပမ်းအားထုတ်မှုနှင့် ငြိမ်းချမ်းရေးအတွက် လိုလားတောင့်တသော ပြည်သူတို့၏ဆန္ဒကို စစ်ကောင်စီက ရိုင်းစိုင်းသောအပြုအမှုဖြင့် လူ့အခွင့်အရေးကို ကြမ်းကြုတ်စွာ ချိုးဖောက်ပြီး နိုင်ငံတကာ စည်းမျဥ်းကိုဆိုးရွားစွာ ဖျက်ဆီးခြင်းဖြစ်ကြောင်း MNDAAက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီသည် MNDAA သိမ်းထားသည့် နယ်မြေများသာမက တအာင်းတပ်မတော် (TNLA) သိမ်းပိုက်ထားသည့် နမ့်ခမ်း၊ ကွတ်ခိုင်၊ သီပေါ၊ မန်တုံ၊ နမ့်ဆန်နှင့် ကျောက်မဲမြို့စသည့် မြို့နယ်များကိုလည်း လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့၍ အရပ်သား သေဆုံးထိခိုက်မှုများ ရှိခဲ့ရကြောင်း TNLAက ထုတ်ပြန်သည်။

တအာင်းနိုင်ငံရေး အတိုင်ပင်ခံကော်မတီ(TPCC) ၏ စက်တင်ဘာ ၇ရက် ထုတ်ပြန်ချက်အရ စစ်ကောင်စီက စစ်ဘက်နှင့် မသက်ဆိုင်သည့် အပြစ်မဲ့ အရပ်သား ပြည်သူများနေထိုင်ရာသို့ လေကြောင်း တိုက်ခိုက်ခဲ့၍ ယခုနှစ် ဇွန်လ ၂၅ရက်နောက်ပိုင်း ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ ၂၀၀ကျော်သေဆုံးခဲ့ရပြီး ၂၂၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တစ်ပတ်အတွင်း မင်းတပ်ရှိ နေရာ ၄ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်

သတင်း

လားရှိုးမြို့ ယနေ့ ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း အနည်းဆုံး အရပ်သား ၁၂ဦးဒဏ်ရာရရှိခဲ့သည်ဟု ကိုးကန့်တပ်(MNDAA)က အသိပေးထုတ်ပြန်သည်။

သတင်း

လားရှိုးမြို့ပေါ်ကို ယ‌နေ့(စက်တင်ဘာ ၉ရက်) နံနက်၁‌၀နာရီ ‌၂၅မိနစ်ကစ၍ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ဆူးရစ်ကုန်း​ကျေးရွာကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် သုံးလုံး ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

Facebook