သုည/People’s Spring
ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ (၄၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် စက်တင်ဘာ ၄ရက် ညက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column က အသိပေးထုတ်ပြန်သည်။
ယမန်နေ့ည ၇ နာရီ ၄၅ မိနစ်တွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် (၄၅) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းနှစ်လုံးဖြင့် တပြိုင်တည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Rangoon Urban Column က ဖော်ပြထားသည်။

Public Service Announcement
“ညက ၇ နာရီခွဲကျော်လောက်မှာ ၄၅ ရပ်ကွက်အုပ်ကြီးရုံး ဗုံးပေါက်တာပါ။ အသံက တော်တော် ကျယ်တယ် တစ်ရပ်ကွက်လုံးနီးပါး ကြားလိုက်ရတယ်။ ရုံးအုတ်တံတိုင်း နေရာအချို့ နည်းနည်းပြိုသွားတယ် ပြောကြတယ်။ အုပ်ကြီးရဲ့ အပေါင်းအပါတစ်ယောက်လည်း ထိတယ်လို့ ကြားပါတယ်”ဟု မြောက်ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။
အဆိုပါအုပ်ချုပ်ရေးမှူးရုံးရှိ ပျူစောထီးများသည် စစ်မှုထမ်းဥပဒေအကြောင်းပြပြီး စစ်မှုထမ်းရန် လူသစ်စုဆောင်းနေသောကြောင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Rangoon Urban Column အဖွဲ့က ဆိုသည်။
ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင်များက ဒဂုံမြို့သစ်မြောက်ပိုင်း ဘေလီတံတားနှင့် ပြည်ထောင်စုလမ်းမကြီးတို့တွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရပ်ကွက်နေပြည်များက ပြောသည်။
