မန္တလေးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များက တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေချိန် တွင် အာဏာသိမ်းခေါင်းဆောင်က ရပ်ကွက်၊လမ်း အလိုက် နှင့် ကျေးရွာ တို့တွင် ပြည်သူ့လုံခြုံရေးဆောင်ရွက်ရန် မန္တလေးမြို့တွင်ပြောကြားခဲ့သည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က သြဂုတ် ၂၅ ရက် နေ့လည်ပိုင်းတွင် မန္တလေး မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ မီဒီယာများက ဖော်ပြသည်။
လက်ရှိတိုက်ပွဲများပြင်းထန်နေသော မန္တ လေးတိုင်း၊စစ်ကိုင်းတိုင်း၊မကွေးတိုင်းနှင့် ကချင် ပြည်နယ်တို့မှ စစ်ကောင်စီခန့် ဝန် ကြီးချုပ်တို့လာရောက်သည်ကိုလည်း အခမ်းအနား၌ တွေ့ရသည်။

Public Service Announcement
“လုံခြုံရေးနဲ့ပတ်သက်ပြီး ဒေသအလိုက်လူတစ်ဦးတစ်ယောက်ချင်းစီမှာ လုံခြုံရေးအသိစိတ်ဓာတ်ရှိရှိနဲ့ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ပြည်သူ့လုံခြုံရေးနဲ့ပတ်သက်ပြီး လမ်းအလိုက်၊ရပ်ကွက်အလိုက်၊ကျေးရွာ အလိုက် လုံခြုံရေး အသိ၊လုံခြုံရေးသတိနဲ့ ဆောင်ရွက်ရန်လိုအပ်ကြောင်း”ဟု အာဏာသိမ်းခေါင်းဆောင်က ကပြောခဲ့ကြောင်းဖော်ပြထားသည်။
အာဏာသိမ်းခေါင်းဆောင် မန္တလေးမြို့ လာသည့် သြဂုတ် ၂၅ ရက်တွင် PDF များ ၊ပကဖ များက မန္တလေးမြို့နှင့် မိုင် ၉၀ ခန့်သာကွာဝေးသောသပိတ်ကျင်းမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
အာဏာသိမ်းခေါင်းဆောင်၏ အဆိုပါ ပြောကြားချက် နှင့် စစ်ကောင်စီကစစ်ပွဲများဆက်တိုက်ရှုံးနေပြီးနောက် “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နှင်းရေး”အဖွဲ့များ ဖွဲ့ရန် ပြင်၍ ပြည်သူများကိုပါစစ်တိုက်ခိုင်းရန် ကြံစည်နေခြင်းအပေါ် ပြည်သူများက အပြင်းအထန် ဝေဖန်နေကြသည်။
“တပြည်လုံးအတိုင်အတာနဲ့အုံကြွမှုမဖြစ်သေးလို့တပြည်လုံးအတိုင်းအတာနဲ့အုံကြွလှုပ်ရှားကြဖို့ မအလ ကနှိုးဆော်သတိပေးလိုက်ထာလို့ယူဆပါတယ်ကျေးဇူးပါ မအလ”ဟု ပြည်သူတစ်ဦးကပြောသည်။
အခြားပြည်သူတစ်ဦးကလည်း “ပြည်သူတွေကို ခံတပ်အဖြစ်အသုံးချနေတာတော်လှန်ရေးဖက်ကလည်းဗျူဟာပြောင်းသင့်ပြီအဓိကမိန်းကိုချတော့”ဟု မှတ်ချက်ပြုသည်။
“သူ့ကိုကာကွယ်ပေးနေတဲ့ သူ့တပ်သားတွေ ကုန်နေလို့ နောက်ဆုံး မရမက ဒီလိုလုပ်တာ “ဟု ပြည်သူတစ်ဦးကလည်း လူမှုကွန်ယက်တွင်ရေးသားထားသည်။
အခြားပြည်သူတစ်ဦးကလည်း”ကိုယ့်မြို့ကိုယ့်ရွာကိုဖျက်ဆီးနေတာအကြမ်းဖက်စစ်တပ်ပဲဆိုတာ လူတိုင်းရှင်းရှင်းသိပြီးသားဖြစ်တယ် တော်လှန်
ရေးအဖွဲ့တွေ မြို့သိမ်းဖို့ဝင်လာပြီဆိုရင် အမြန်ဆုံးအလံဖြူထောင် လက်နက်ချလိုက်ပါအသက်ထက်တန်ဘိုးကြီးသောအရာသည်မရှိ”ဟုတိုက်တွန်းသည်။
“ပြည်သူတွေက စစ်တပ်ကိုကာကွယ်စောက်ရှောက်ပေးရမယ်။စစ်တပ်က စီးပွားရေးလုပ်၊ပိုက်ဆံရှာပြီး သားသမီးတွေကို နိုင်ငံခြားကို လွှတ်မယ်။တကယ့်ကို အုံနဲ့ကျင်းနဲ့ လက်နက်ကိုင် တစ်ဘို့တည်းသမားတွေ”ဟု ပြည်သူတစ်ဦးကလည်းလူမှုကွန်ယက်တွင်ရေးသားထားသည်။
စစ်ရေးလေ့လာနေသူတစ်ဦးက “ရမခ (လားရှိုး)တိုင်းစစ်ဌာနချုပ်ကျသွားတာက တော်လှန်ရေးအင်အားစုတွေက လားရှိုးကို စိမ့်ဝင်ပြီးမှ သူတို့(စစ်ကောင်စီ)ရဲ့ တပ်ရင်းတွေနဲ့ ဌာန ချုပ်ကို စနစ်တကျတိုက်သွားတယ်လို့ သတ်မှတ်ထားတယ်။အဲဒါကြောင့်လည်း ပြည်သူ့လုံခြုံရေးနဲ့အကြမ်း ဖက်နှိမ်နှင်းရေးဆိုတဲ့အဖွဲ့ကို မကြာခင်က ဖွဲ့လိုက်တာ ဖြစ်တယ်။ဒါကို အမြန်ဖွဲ့နိုင်ဖို့နဲ့ မန္တလေးမကျအောင် စစ်ခေါင်းဆောင်ကိုယ်တိုင်သွားစည်းရုံးတာလို့မြင်တယ် “ဟုသူ၏ အမြင်ကိုပြောကြားသည်။
စစ်ကောင်စီက သြဂုတ် ၁၆ ရက်တွင် ဖွဲ့စည်းသည်ဆိုသောပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး (လုံကြမ်း)အဖွဲ့ များအတွက်အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ အမျိုးသားတိုင်းသည် ရပ်ကွက်နှင့်ကျေးရွာ ပြည်သူ့လုံခြုံရေး ကြီးကြပ်ရေးအဖွဲ့များတွင် မဖြစ်မနေ ပါဝင်ရမည်ဖြစ်ပြီး စစ်သင်တန်းများလည်း တက်ရောက်ရမည်ဟု သည်။
ညွှန်ကြားစာတွင် “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့” ၏ လက် အောက်တွင် ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ် ကွက်ကျေးရွာအဆင့် လုံခြုံရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့များ ဖွဲ့စည်းခြင်း၊ လက်နက်များတပ်ဆင်ခြင်း လုပ်ဆောင်မည်ဖြစ်ပြီး အသက် ၃၅ နှစ်မှ အသက် ၆၅ နှစ်အထိ အမျိုးသားများအနေဖြင့် ပြည်သူ့စစ်သင်တန်းတက်ရောက်ပြီး ရပ်ကွက်နှင့်ကျေးရွာလုံခြုံ ရေးတပ်ဖွဲ့များတွင် ပါဝင်ရမည်ဟုဆိုသည်။
လုံကြမ်း ဗဟိုကြီးကြပ်မှုအဖွဲ့က ပြည်နယ်/တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအဆင့် လုံခြုံရေး ကြီးကြပ်ကွပ်ကဲမှု အဖွဲ့များ ဖွဲ့စည်းခြင်း၊ လက်နက်များတပ်ဆင်ခြင်းများ လုပ်ဆောင်မည့်အပြင် တိုက်ပွဲများနှင့်ကိုက်ညီသည့် လက်နက်နှင့်စစ်ပစ္စည်းများ တပ်ဆင်ပေးခြင်း၊ ရိက္ခာနှင့်ထောက်ပို့ များ လုပ်ဆောင်ခြင်း၊ စစ်ဆင်ရေး နည်းဗျူဟာများ လေ့ကျင့်ခြင်း များဆောင်ရွက်မည်ဟုဖော်ပြထားသည်။
ထိုအဖွဲ့က နယ်မြေလုံခြုံရေး၊ ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်၊ ရှေ့တန်းစစ်ဆင်ရေးနယ်မြေများသို့ ထောက်ပို့၊ ဆက်သွယ်ရေး၊ ဒဏ်ရာရလူနာများ ကယ်ဆယ်ထုတ်ရေး၊ ပြုန်းတီးအင်အားများနေရာတွင် အစားထိုးခန့်အပ်ခြင်း၊ စိတ်ဓာတ်ပိုင်းဖြည့်ဆည်းပေးခြင်း၊ နည်းပညာမြင့်စစ်လက်နက်များ ကိုင်တွယ်အသုံးပြုခြင်းနှင့် အတတ်ပညာရှင်များ ထည့်သွင်း ဖွဲ့စည်းခြင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်အညီ စစ်မှုထမ်း ရွှေ့ဆိုင်းခွင့်၊ လျှော့ပေါ့ခွင့်၊ ကင်းလွတ်ခွင့်များ ပေးခြင်း၊ တိုင်းစစ်ဌာနချုပ်များနှင့်ညှိနှိုင်း၍ နယ်မြေများကို ပိုင်းခြားပေးခြင်းနှင့် တာဝန်အမျိုးအစားသတ်မှတ်ပေးခြင်း၊ ထိခိုက်ဒဏ်ရာရနှင့် ကျဆုံးစစ်သည်များအတွက် ထောက်ပံ့ကူညီမှုများ ရရှိအောင် ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်မည်ဖြစ် ဟုဆိုထားသည်။
ထို့အပြင်လာမည့် အောက်တိုဘာလတွင်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိုကောက်ယူ ကြေညာပြီးချိန်၌ မဲစာရင်းပြုစုပြီး ရွေးကောက်ပွဲ ပြုလုပ်မည်ဟုလည်း ၎င်းကဆိုသည်။ စစ်ကောင်စီက ၎င်းတို့ စိတ်တိုင်းကျ ပြုလုပ်မည့် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်တွင် ကျင်းပရန် ရည်ရွယ်နေခြင်းဖြစ်သည်။
တဖက်တွင် တော်လှန်ရေးတပ်များ က မန္တလေး မြို့ နှင့် မိုင် ၅၀ ကျော်ကွာဝေးသော စဥ့်ကူး မြို့နှင့်စဥ့်ကူးမြို့ ၊ မန္တလေးမြို့နှင့်မိုင် ၈၀ ကျော် ကွာဝေးသော သပိတ်ကျင်းမြို့ ၊ မန္တလေးမြို့နှင့်မိုင် ၁၂၀ ကျော် ကွာဝေးသည့် မိုးကုတ်မြို့ကိုသိမ်းပိုက်ထားသည်။ မန္တလေး PDF က မတ္တရာမြို့ ရှိ စစ်တပ်စခန်းပေါင်း များစွာကို သိမ်းပိုက်ပြီး ပုသိမ်ကြီး မြို့နယ် အစပ်သို့တိုင် တိုက်ပွဲများရောက်လာ ပြီး မန္တလေးမြို့ရှိစစ်တပ်စခန်းများတိုက်မည်ဟု သတင်းများထွက်ပေါ်နေချိန်တွင် အာဏာသိမ်းခေါင်းဆောင်က မန္တလေးလာ၍ ထိုသို့ ပြောခြင်းဖြစ်သည်။
ယခုအခါ တော်လှန်ရေးတပ်များက နိုင်ငံတဝန်း မြို့ပေါင်း (၈၀) ဝန်းကျင်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သည်။
စစ်ကောင်စီခေါင်းဆောင်များက ရွေးကောက်ပွဲကို ၂၀၂၅ တွင်လုပ်ဆောင်မည်ဟု ပြောဆိုနေသော်လည်း ဒေသအသီးသီး၌ စစ်ရှုံးနေသည့် စစ်ကောင်စီသည် ၂၀၂၅တွင်ရှိရန်ပင်မသေချာတော့ကြောင်း ကရင်အမျိုးသာအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကပြောသည်။
“တိုတိုနဲ့ ပြောရမယ်ဆိုရင် အရှေ့အနောက် တောင်မြောက် ဘယ်မှာပဲကြည့်ကြည့်ရှုံးနေတာပဲ။ တဆုတ်တည်းဆုတ်တဲ့အဖွဲ့ကြီးက အခုမှ ၂၀၂၅ ရောက်ရင် ရွေးကောက်ပွဲ တွေဘာတွေထလုပ်မယ်ဆိုတာ ဟိုး ၂၀၂၂၊ ၂၀၂၃ တုန်းက ပြောတာလည်း အကြိမ်မနည်းတော့ဘူး။ အဲဒီဟာလည်း ဘာမှလုပ်လို့မရဘဲ ဟိုရွေ့ ဒီရွေ့နဲ့။ ရွေ့ရင်း ရွေ့ရင်းနဲ့ နယ်မြေက ကျဉ်းသထက် ကျဉ်းလာတယ်။ အဲဒီအပေါ်မှာ ကျနော် မေးခွန်းက ရှိတယ်။ ၂၀၂၅ မှာ စစ်ကောင်စီက ဘယ်နား ရှိမလဲ မသိဘူး။ ကျနော်ကတော့ မသေချာဘူး စစ်ကောင်စီ ရှိမယ်၊ မရှိတော့ဘူးဆိုတာ ကျနော်ကတော့ လုံး ၀ ယုံကြည်မှုမရှိတော့ဘူး။ ၂၀၂၅ ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်မေးကြည့်ပါ မင်းတို့ဘယ်နားရှိနေမလဲဆိုတာ” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဇူလိုင်လအတွင်း People’s Spring သို့ပြောသည်။
