ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို – ရေဦးလမ်းပိုင်းရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို PDFများ ဝင်ရောက်ပစ်ခတ်ရာ သုံးဦးသေဆုံးပြီး သေနက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (သြဂုတ် ၉ ရက်) နံနက် ၉ နာရီခန့်က ရွှေဘိုမြို့နယ်၊ ရွှေဘို-ညောင်ပင်သာ-ရေဦးလမ်းပေါ်တွင် ဇီးကုန်းလေး ပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကင်းချထားသည့် မူးတံတား စစ်တပ်ဂိတ်ကို PDFများက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး သုံးဦး နေရာတင်သေဆုံးကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
“အဲဂိတ်မှာ စုစုပေါင်း ငါးယောက်လောက်ပါပဲ။ စခ အထိုင်အများစုရှိတဲ့နေရာနဲ့ ကင်းနေရာ မီတာ ၄၀၀ လောက်ပဲဝေးတာပါ။ ကျန်တဲ့သူတွေက ဒဏ်ရာရသွားတာပဲ သိပြီး နောက်ဆက်တွဲ ထပ်မသိသေးဘူး။”ဟု ရွှေဘို ပကဖ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

ထို့အပြင် G3 တစ်လက်၊ ၎င်းကျည် ၁၀၁တောင့်၊ M1 ကာဘိုင် တစ်လက်၊ ၎င်းကျည် ၇၀တောင့်တို့ သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုပကဖက အသိပေးသည်။
အဆိုပါ စစ်ဆင်ရေးကို ရွှေဘိုမြို့နယ် တိုက်နယ်(၁)ပကဖ Golden Future Force-Shwebo နှင့် Golden Heroes Force-Shwebo အဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO)နှင့် နယ်မြေခံ ဘီလူးညီနောင်ပကဖအဖွဲ့တို့မှ ဖြတ်တောက်ရေး ကာကင်းအဖြစ် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယခုသြဂုတ်လဆန်းအတွင်း ကန့်ဘလူနှင့် မြင်းခြံနယ်၊ ဆီမီးခုံမြို့တို့ရှိ စစ်ကောင်စီဂိတ်များကိုလည်း PDFများက ယခုဖြစ်စဥ်ကဲ့သို့ အနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
