▪︎ရုရှားထုတ် BRDM 2 ကင်းထောက်သံချပ်ကာဖြစ်
▪︎စစ်တပ်သုံး ယာဥ် ၂ စီးနှင့် ခဲယမ်းများကိုပါ တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့
ဟန်နွေ/People’s Spring
ကရင်ပြည်နယ် မြ၀တီမြို့သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်သည့် ပူးပေါင်းတပ်က တိုက်ခိုက်ရာ ယမန်နေ့ ဧပြီ ၂၁ရက် တိုက်ပွဲတွင် သံချပ်ကာယာဉ် ၁စီး သိမ်းပိုက်ရရှိခဲ့ကြောင်း ပူးပေါင်းတပ်ဖွဲ့မှ တပ်မှူးတစ်ဦးက အတည်ပြုပြောကြားသည်။
မြ၀တီသို့လာရန်ကြိုးစားနေသည့် စစ်ယာဉ်တန်းကို ဧပြီ ၂၁ ရက်တွင် KNLA၊ PDF ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း သံချပ်ကာယာဥ် ၁ စီး၊ စက်သေနတ်တပ် စစ်သုံးယာဥ် ၂ စီးအပြင် အော်လီဂန်း တစ်လက်၊ ပွိုင့်ဖွိုက် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း BAP သတင်းဌာန၏ ဖော်ပြချက်ကို အဆိုပါ တပ်မှူးက အတည်ပြုပေးခြင်းဖြစ်သည်။
“ဟုတ်ပါတယ်ဗျ။ ဒေါနတောင်ခြေမှာပါ” ဟု ပူးပေါင်းတပ်ဖွဲ့မှ တပ်မှူးက ပြောပြသည်။

Public Service Announcement
အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်ကောင်စီက ပြသခဲ့ဖူးသည်။ စစ်ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထားကြောင်းသိရသည်။
ထိုအပြင် စစ်တပ်သုံးယာဥ် ၂ စီး နှင့်လက်နက်ခဲယမ်းများသိမ်းဆည်းရရှိသည်ကိုလည်း မှတ်တမ်းဓါတ်ပုံများနှင့်တစ်ကွ တွေရသည်။

မြ၀တီမြို့စောင့်တပ် ခလရ ၂၇၅ကို KNLAဦးဆောင်သော ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားသည့် အခြေအနေတွင် စစ်ကောင်စီဘက်က မြို့ပြန်ရရေး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ “အောင်ဇေယျ” အမည်ရှိ နိုင်ငံတော်အဆင့် စစ်ဆင်ရေးဖော်ဆောင်ကာ မြ၀တီ ပြန်ရရေး ထိုးစစ်ဆင်လာခြင်းအပေါ် KNLA ပူးပေါင်းတပ်ကလည်း ဖြတ်တောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ စစ်ဆင်ရေးအစ ရက်ပိုင်းတွင်လည်း သံချပ်ကာ ယာဉ်နှင့် စစ်သုံးယာဉ် အချို့ ထိခိုက်ပျက်စီးမှုများ ရှိကြောင်း KNUက အသိပေးထားသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲဝင်ရာကျော် ထိခိုက်သေးဆုံးခဲ့ရသောကြောင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါန တောင်တန်း အနောက်ဘက်တောင်ချေ တွင်သာ ရပ်တန့် နေခဲ့ရသည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)က ဧပြီ ၁၈ရက်တွင် အသိပေးထားသည်။

KNLA ပူးပေါင်းတပ်သည် မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော ခလရ−၂၇၅ တပ်စခန်းအား ဧပြီလ (၁၁) ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်စစ်ကောင်စီတပ်များအနေဖြင့် မြဝတီမြို့အား ပြန်လည်ရရှိရန်ကြိုးစားနေခြင်းဖြစ်ပြီး လေကြောင်း လက်နက်ကြီး ပစ်ကူများ သုံးတိုက်ခိုက်နေသည်။ ထို့ပြင် ခလရ(၂၇၅)မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များသည်လည်း မြ၀တီ ချစ်ကြည်ရေးတံတားအနီး၌ထွက်ပြေး ခိုလှုံနေရာ ဧပြီ ၁၉ ရက်ညမှ ဧပြီ ၂၁ ရက်နံနက်ပိုင်းအထိ ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။
“ပြည်သူတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ပတ်သက်ပြီး စိတ်မပူကြဖို့။ မစိုးရိမ်ကြဖို့ ပြောချင်တယ်။ ကျွန်တော်တို့ အတက်နိုင်ဆုံးကြိုးစားဖြတ်တောက်နေတယ်”ဟုပူးပေါင်းတပ်မှတပ်မှူးတစ်ဦးက လူထုနွေဦးသိူ့ဧပြီ ၁၉ ရက်ကပြောသည်။
စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်မှ သံချပ်ကာယာဥ် ရှစ်စီးနှင့် ကားအစီးရေ ၂၂စီးဖြင့် ခန့်မှန်းအင်အား ၅၀၀ခန့်ပါရှိသော ယာဥ်တန်းသည် ကော့ကရိတ်မြို့သို့ ပြီးခဲ့သည့် ဧပြီ ၁၁ရက်က ရောက်ရှိလာသည်။ သို့သော်အဆိုပါစစ်ကြောင်းကို KNLAမှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့မှ ၎င်းတို့လာရာလမ်းတစ်လျှောက်တွင် အဆတ်မပြတ် ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ ပျက်စီးခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲဝင်ရာကျော် ထိခိုက်သေးဆုံးခဲ့ရသောကြောင့် ရှေ့သို့ဆက်မတက်နိုင်ဘဲ ဒေါနတောင်တန်း အနောက်ဖက်တောင်ခြေတွင်သာ ရပ်တန့်နေပြီးရှေ့မတိုးနိုင်ဖြစ်နေသည်။
“သူတို့က တောင်ခြေမှာပဲ ရထားတာ။ တခြားကတော့ သူတို့ လူတွေလည်းထိတယ်။ သေနတ်အချို့လည်းရတာပေါ့။ အဲဒါတွေရတာပေါ့။” ဟု KNU သတင်းရင်းမြစ်တစ်ဦးကလည်း ပြောသည်။
တော်လှန်ရေးပူးပေါင်းတပ်များအနေဖြင့် စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုအပေါ် မူတည်ပြီး စစ်ရေးတုန့်ပြန်ဆောင်ရွက်ချက်များ ပြုလုပ်နေကြောင်း၊ တပ်ဖွဲ့ဝင်များ အထိအခိုက်နည်းစေရန်၊ ပြည်သူလူထုထိခိုက်မှု လျော့ပါးစေရန် အဓိက ဦးစားပေးပြီး ပြောက်ကျား နည်းအပါအဝင် သင်တော်သည့် စစ်ရေးဗျူဟာဖြင့် ပြန်တုန့်ပြန် တိုက်ခိုက်နေသည်ဟု ကရင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
(စစ်ကောင်စီတပ်ထံမှ တော်လှန်ရေးပူးပေါင်းတပ်သိမ်းဆည်းရရှိသော တင့်ကားနှင့် စစ်ကား ၂ စီနှင့် ခဲယမ်းများကိုတွေ့ရစဥ်။ ။ဓါတ်ပုံ-ကရင်စစ်ရေး သတင်းရင်းမြစ် )
