ဒီးဒီ/People’s Spring
ထိုင်းနိုင်ငံ မဲဆောက်မြို့မှတဆင့် လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပြန်လည်ခေါ်ယူမည့်အစီအစဥ်ကို ဖျက်သိမ်းလိုက်ကြောင်း ထိုင်းသတင်းဌာန Thai PBSက ဖော်ပြသည်။

Public Service Announcement
သင်္ဃန်းညီနောင်ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲတွင် လက်နက်ချအညံ့ခံသော စစ်ကောင်စီ၏ ဗိုလ်မှူးချုပ်အပါအဝင်တပ်သားနှင့် မိသားစုဝင် ၆၁၇ဦးအား ကရင်အမျိုးသားအစည်းအရုံး (KNU)က ပြန်လည်ပေးအပ်ခြင်းမရှိသောကြောင့် ဧပြီ ၈ရက်နှင့် ၉ရက်တို့တွင် ခေါ်ယူမည့်အစီအစဥ်အား ဖျက်သိမ်းလိုက်ပြီဟု ဆိုသည်။
ယမန်နေ့ (ဧပြီ ၇ရက်) ညကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် စစ်ကောင်စီဝန်ထမ်းများကိုခေါ်ယူရန် ရောက်လာသော စစ်ကောင်စီ၏ MNA၏ ATR 72-600 လေယာဥ်သည် မဲဆောက်လေဆိပ်တွင် ၁ နာရီ ၂၀ မိနစ်ကြာရပ်နား စောင့်ဆိုင်းခဲ့သော်လည်း ခေါ်ယူမည့်ဝန်ထမ်းများရောက်လာခြင်းမရှိဟုဆိုကာ ည ၁၀နာရီတွင် ပျံတက်သွားကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။ ထို့ကြောင့် ယနေ့(ဧပြီ ၈ရက်)နှင့် ဧပြီ ၉ရက်တို့တွင် ခေါ်ယူရန် စီစဥ်ထားမှုအား ဖျက်သိမ်းလိုက်ခြင်းဟု Thai PBSက ဆိုသည်။
ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနထံ လေယာဥ်ဆင်းသက်ရန် ခွင့်တောင်း၍ ခေါ်ယူရန်စီစဥ်ခဲ့ခြင်းဟု Thai PBSက ဖော်ပြသည်။
” မြဝတီမြို့က မြဝတီဘဏ်က ပိုက်ဆံတွေ သယ်သွားတာလို့ သိရတယ်”ဟု လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားတပ်မတော် (KNU/KNLA) ဦးဆောင်သောတော်လှန်ရေးအဖွဲ့များက မြဝတီမြို့နယ် နှင့် သင်္ကန်းညီနောင်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို မတ်လ ၇ ရက်မှစတင်ထိုးစစ်ဆင်တိုက်ခိုက်၍ စခန်းများသိမ်းယူခဲ့သည်။ သင်္ကန်းညီနောင် ဗျူဟာတွင် နောက်ဆုံးကျန်သော ဗျူဟာနှင့် ခမရ (၃၅၇)ကို KNLA ပူးပေါင်းတပ်က ဧပြီ ၅ ရက်တွင်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး သင်္ကန်းညီနောင်ဗျူဟာမှ ဗျူဟာမှူးအပါအဝင် စစ်သားများ ၊မိသားစုဝင်များ စုစုပေါင်း၆၁၇ ဦးမှာ ဧပြီ ၆ ရက်တွင် လက်နက်ချခဲ့ပြီး လက်နက်ခဲယမ်းများစွာကို တော်လှန်ရေးအဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်။
ထိုနောက် မြဝတီမြို့ကို သိမ်းရန်မှာ မြို့စောင့်တပ်ဖြစ်သော ခမရ (၂၇၅)၊အမြောက်တပ်နှင့် အင်အားအနည်းငယ်သာကျန်ရှိပြီး ၎င်းတို့ကို လက်နက်ချရန် ဧပြီ ၆ ရက်တွင်အချိန်ပေးညှိနှိုင်းနေခြင်းဖြစ်သည်။
KNU ဦးဆောင်သော တော်လှန်ရေးတပ်များက မြဝတီမြို့ကိုသိမ်းရန် ကရင်လက်နက်ကိုင်အဖွဲ့များပေါင်းစည်းရေးကော်မတီနှင့် စစ်ကောင်စီတို့ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း လူထုနွေဦးက စုံစမ်းသိရသည်။ ဆွေးနွေးမှုရလဒ်မည်သို့ ထွက်သည်ကိုမသိရသော်လည်း ယမန်နေ့ညတွင် စစ်ကောင်စီက မြဝတီမြို့မှ ဝန်ထမ်းများကို ရန်ကုန်မှ လေယာဥ်လွှတ်၍ မဲဆောက်မြို့သို့လာခေါ်နေခြင်းဖြစ်သည်။
(မဲဆောက်လေဆိပ်တွင် ရပ်နားထားသောစစ်ကောင်စီလေယာဥ်၊ စစ်ကောင်စီလေယာဥ်ပေါ်သို့ကားပေါ်မှ အရာဝတ္ထုများတင်ဆောင်နေစဥ်။ ထိုင်သတင်းဌာန The Reporters က ငွေများဟုဖော်ပြသည်။ ဓာတ်ပုံ – Thai PBS ၊ The Reporters ၊ Ye Min(AAC)/FB)
