▪︎ကမ္ဘာ့ရွှေဈေးတက်၍ ပြည်တွင်းရွှေဈေး ကျပ်သိန်း ၅၀ ကျော်အထိ့တက်နိုင်ဟု ရွှေလုပ်ငန်းရှင်အချို့ပြော
စောနွေဦး/People’s Spring
ရွှေဆိုင် ၇ ဆိုင်ကို စစ်ကောင်စီက ယာယီပိတ်သိမ်းအရေးယူထားပြီးနောက် ရွှေဈေးကွက်အတွင်း အခေါက်ရွှေအရောင်းအဝယ်ပိတ်ထားကြောင်း ဈေးကွက်အတွင်းမှစုံစမ်းသိရှိရသည်။

Public Service Announcement
ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားလျင် ကျပ် ၄၅ သိန်းခန့်ရှိလာချိန်တွင် စစ်ကောင်စီက ရွှေဆိုင် ၇ဆိုင်ကို သတ်မှတ်ချက်များကို လိုက်နာခြင်းမရှိခြင်းဟုဆိုကာ ပိတ်သိမ်းခဲ့နောက် ဈေးကွက်အတွင်းရွှေရောင်းဝယ်မှာ ကြောက်လန့်ပြီး ရပ်တန့်နေခြင်းဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“အခေါက်ရွှေကဝယ်တာ၊ရောင်းတာက မရှိသလောက်နီးပါးပိတ်ထားတယ်။ လက်ဝတ်ရတနာဖြစ်တဲ့ အထည်တွေတော့ရောင်းတာမျိုးရှိတယ်”ဟု အဆိုပါလုပ်ငန်းရှင်ကပြောသည်။
ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထားကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
“ရွှေတုံးရွှေခဲဝယ်မယ်ဆိုရင် ချက်ချင်းမရဘူး။ဘောင်ချာဖွင့်ပေးပြီး နောက်ရက်ပြန်ချိန်းလိုက်တယ်။”ဟုဧပြီ ၅ ရက်နေ့က ရွှေဝယ်ရန်စုံစမ်းခဲ့သူတစ်ဦးကပြောသည်။

Public Service Announcement
လက်ရှိရွှေဈေးသည် ကျပ် ၄၅ သိန်းဝန်းကျပ်ပေါက်ဈေးရှိနေပြီး ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးမြင့်တက်နေခြင်းကြောင့် ရွှေဈေးသည် ကျပ်သိန်း ၅၀ခန့်ဖြင့် မြင့်တက်နိုင်သည်ဟု ရွှေလုပ်ငန်းရှင်များက သုံးသပ်ထားသည်။
“ဈေးကွက်အခြေအနေအရ ဈေးတက်တာကို လေပတ်ကားရောင်းတာကြောင့်လို့ အကြောင်းပြပြီး ရွှေဆိုင်တွေနဲ့ လုပ်ငန်းရှင်တွေကို စစ်ကောင်စီက အရေးယူနေတယ်။ ဒါက အနာနဲ့ဆေးမတည့်ဖြစ်နေတယ်”ဟု ရန်ကုန်မြို့အခြေစိုက် ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စစ်ကောင်စီသည် ဈေးနှုန်းမြင့်တက်နေသည့် ဒေါ်လာ၊ရွှေစသည့်တို့ကို အရောင်းအဝယ်ရပ်တန့်သွားခြင်းဖြင့် ဈေးနှုန်းကို ထိန်းချုပ်ရန် ကြိုးစားနေသည်ဟု ၎င်းကဆိုသည်။
စစ်တပ်အာဏာမသိမ်းခင်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၃ သိန်းကျော်သာရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်ကျော်အကြာတွင် အခေါက်ရွှေတစ်ကျပ်သားကို ၄၅ သိန်းကျော်အထိမြင့်တက်လာခြင်းဖြစ်သည်။
