▪︎နေ့ခင်းပိုင်းတွင် ဒေါ်လာဈေး ၃၅၄၀ ကျပ် ၊ရွှေဈေး ၃၆ သိန်းအထိ ခေါ်ဈေးရှိသော်လည်းဝယ်လိုသူသာရှိပြီးရောင်းသူမရှိ
စစ်ကောင်စီကကျပ်ငွေနှစ်သောင်းတန်ထုတ်ဝေမည်ဟုကြေညာလိုက်ပြီးနောက် ပြင်ပငွေကြေးဈေးကွက်အတွင်း ဒေါ်လာဝယ်လိုသူများလာပြီး တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ကျော်အထိ ခေါ်ဈေးရှိလာသော်လည်း ရောင်းသူမရှိကြောင်းငွေလဲကောင်တာပိုင်ရှင်အချို့ကပြောသည်။
“နှစ်သောင်းတန် သတင်းကြားရကတည်းက ဒေါ်လာဈေးကတက်နေတာ။ ငွေလဲနှုန်းတွေက တရိတ်ရိတ်တက်နေတယ်၊”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။
ယနေ့ (ဇူလိူင် ၂၃ )နေ့ခင်းတစ်နာရီတွင် ပြသ်ပငွေလဲလှယ်သောဈေးကွက်အတွင်း ဒေါ်လာဈေးမှာ ၃၅၄၀ အထိ့ခေါ်ဈေးရှိနေသည်။ ဝယ်လိုသူများသော်လည်း ရောင်းသူမရှိကြောင်းသိရသည်။ ဇူလိုင် ၂၂ ရက်တွင် ဒေါ်လာဈေးမှာ ၁ ဒေါ်လာလျှင် ၃၀၆၀ ကျပ်ဖြစ်သည်။ဒေါ်လာဈေးသာမကထိုင်းဘတ်၊တရုတ်ယွမ်၊ ဂျပန်ယမ်းဈေးများက တရှိန်ထိုးမြင့်တက်လာသည်ဟု သိရသည်။
အလားတူ ရွှေဈေးလည်းတက်လာပြီး ပြည်တွင်းအခေါက်
ရွှေဈေးမှာလည်း ၁ ကျပ်သားလျှင် ကျပ် ၃၆ သိန်းအထိမြင့်တက်လာပြီး ရွှေဆိုင်အများစုမှာလည်း အရောင်းပိတ်ထားသည့် ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။
စီးပွားရေးအကျပ်ဆိုက်နေသောစစ်ကောင်စီက ၂၀၀၀၀ တန်ငွေစက္ကူကိုထုတ်ဝေမည်ဟုကြေညာသဖြင့် ပြည်သူများကယခင် စစ်အာဏာရှင် ဗိုလ်ချုပ်နေဝင်းကဲ့သို့ ရှိနေသော ငွေစက္ကူများကို တရားမဝင် ကြေညာမည်ကို အလွန်စိုးရိမ်ပူပန်လာကြသလို ၊ ကျပ်ငွေတန်ဖိုး ပိုဖောင်းပွလာမည့်အပေါ် ပြည်သူများ စိုးရိမ်နေကြသည်။ သို့သော် နာရီပိုင်းအတွင်း ငွေကြေးဈေးကွက်တွင် ကျပ်ငွေတန်ဖိုး ထိုးကျလာခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ငွေကြေးအသစ်ရိုက်ထုတ်လိုက်ခြင်းသည် ၎င်းတို့လိုအပ်နေသည် ဘဏ္ဍာငွေကြေးကို ဖြည့်တင်းရန် ဖြစ်ပြီး ကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းသွားနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
“ဒီလိုအချိန်မှာ ငွေစက္ကူအသစ်ရိုက်ထုတ်တယ်ဆိုတာ တော်တော်မိုက်ဲမဲတဲ့ လုပ်ရပ်လို့မြင်ပါတယ်။ ဒါက စစ်ကောင်စီရဲ့ ဘဏ္ဍာရေးလိုအပ်ချက်က တကယ်ကို သေရေးရှင်ရေးဖြစ်နေတာဆိုတာ မြင်သာလွန်းပါတယ်”ဟု ၎င်းကဆက်ပြောသည်။
စစ်ကောင်စီက လက်ရှိငွေကြေးများကို မဖျက်သိမ်းဘဲ ၂၀၀၀၀ တန်ကိုအကန့်အသတ်ဖြင့် ထုတ်ဝေပြီး ဟောင်းနွမ်းငွေကြေးများဖြင့် လဲလှယ်မည်ဟုဆိုသော်လည်း စစ်ကောင်စီက ဗိုလ်ချုပ်အောင်ဆန်းပုံပါသော တစ်ထောင်တန်အပါအဝင်ငွေစက္ကူများကိုရုပ်သိမ်းပယ်ဖျက်သွားမည်ဟုသတင်းကျယ်ပြန့်စွာထွက်ပေါ်နေသည်။
စစ်ကောင်စီမှာ ဆင်နှင့် အာဏာသိမ်းခေါင်းဆောင် ဦးဆောင်တည်သောဘုရားတို့ကို အကြောင်းပြ၍ ထုတ်ဝေခြင်းမှာ ၎င်းတို့ စီးပွားရေး အကျပ်အတည်းကြုံနေခြင်းနှင့် ဘက်ပေါင်းစုံအကြပ်အတည်းဆိုက်နေသဖြင့် ယတြာအရပါ ထုတ်ဝေခြင်းဖြစ်ကြောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ပြည်ပရင်းနှီးမြှပ်နှံမှုများထွက်ခွာသွားခြင်း၊ ပြည်ပရင်းနှီးမြှပ်နှံမှုလျော့ကျခြင်း ၊ နိူင်ငံတကာအကူအညီများမရတော့ခြင်း ၊ကုန်သွယ်မှုလျော့ကျခြင်း ၊အထွေထွေကုန်ဈေးနှုန်းများတက်ပြီးလုပ်ငန်းမျာရပ်နားကုန်ခြင်း ၊ အလုပ်လက်မဲ့များလာခြင်း ၊ အခွန်အခနှင့် အဂတိလိုက်စားမှုပိုများလာခြင်း ၊နိုင်ငံတစ်ဝန်းတိုက်ပွဲများပိုမိုကျယ်ပြန့်လာခြင်း ၊ ဘက်ဂျက်လိုငွေပြနေခြင်း ၊အမေရီကန် နှင့်အနောက်နိုင်ငံများကစစ်ကောင်စီအပေါ် အရေးယူဒဏ်ခတ်ပိန်ဆို့မှုများကြောင့် စီးပွားရေးအကျပ်အတည်းတွေ့နေသည်။
