ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်၌ကျန်နေသည့် စစ်ကောင်စီတပ်စခန်း ရရှိရေး ယမန်နေ့ ဧပြီ ၂ရက်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။
ဆွမ်ပရာဘွမ်မြို့၌ တစ်ခုတည်းကျန်နေသည့် စစ်ကောင်စီ၏ ခလရ(၄၆)တပ်ကို မတ်လ ၁၃ရက်ကစပြီး KIA တပ်မဟာ(၁) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ ဧပြီ ၂ရက်နေ့အထိ ရက်ပေါင်း ၂၀ကျော်ကြာပြီဖြစ်သည်။

Public Service Announcement
ဆွမ်ပရာဘွမ် စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းအဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က Y12 ဟု ယူဆရသည့် ထောက်ပို့လေယာဉ်များဖြင့် အဓိက ဗုံးကြဲခုခံတိုက်ခိုက်နေကြောင်း၊ ဧပြီ ၂ရက်တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်မဟုတ်သည့် Y12 လေယာဉ်နှင့် တိုက်ပွဲဖြစ်ပွားသည့် နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးက ဖော်ပြသည်။
ဆွမ်ပရာဘွမ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က နေ့တိုင်း နီးပါး လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်းလည်း ဖော်ပြသည်။
KIAသည် မတ်လ ၇ရက်တွင် ထိုးစစ်အရှိန်မြှင့်ပြီး စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများကို စခန်းသိမ်းတိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိရာ တပ်စခန်းအများစုမှာ တစ်နေ့အတွင်း သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်တပ်စခန်းများမှာလည်း ရက်အနည်းငယ်သာ ကြာမြင့်ခဲ့ရာ ဆွမ်ပရာဘွမ်တပ်စခန်းတစ်ခုသာ ရက်ပေါင်း ၂၀ကျော်ကြာမြင့်နေခြင်းဖြစ်သည်။ KIA၏ စစ်ဆင်ရေးအတွင်း တပ်စခန်းကြီးငယ် ၆၀ကျော် သိမ်းပိုက်ထားကာ မြစ်ကြီးနား-ဗန်းမော်လမ်း၊ ဗန်းမော်-လွယ်ဂျယ်လမ်းကို ထိန်းချုပ်ထားပြီး လွယ်ဂျယ်မြို့ကိုလည်း KIAက ဝင်ရောက်နေရာယူထားသည်။
“လွယ်ဂျယ်မြို့ တစ်ဝက်ကတော့ ကျနော်တို့ဘက်ကနေရာယူထားနေပြီ။ တရုတ်ပြည်နဲ့ ကပ်တဲ့ ဘက်မှာတော့ နဂိုရ်အတိုင်းပဲ စစ်ကောင်စီတပ်တွေရှိသေးတယ်။ ဒါပေမဲ့ သူတို့က စစ်ယူနီဖောင်းတွေ မဝတ်တော့ဘူး။ သူတို့ တပ်တွင်းထဲမှာပဲ အရပ်ဝတ်နဲ့ပဲ နေကြတယ်။ သေနတ်လည်း မကိုင်တော့ဘူးသူတို့”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
KIAသည် မတ်လ ၂၈ ရက်မှစ၍ လွယ်ဂျယ်ကို ဝိုင်းရံပိတ်ဆို့ကာ စစ်ကောင်စီတပ်များနှင့် ဝန်ထမ်းများ ထွက်ခွာရန် အချိန်ပေးခဲ့ခြင်းဖြစ်သည်။ လွယ်ဂျယ်ကို မတိုက်ရန် တရုတ်ဘက်ကဖိအားပေးခဲ့၍ တိုက်ခိုက်ခြင်းမပြု သေနတ်မဖောက်ဘဲ KIAက ဝင်ရောက်နေရာယူခဲ့ဟုဆိုသည်။
ထို့အပြင် KIAသည် ဗန်းမော်-လွယ်ဂျယ် လမ်းရှိ ယောယုံ၊ ဘန်ရောင်၊ ရှန်တိုင်းတောင်၊ မဒါဘွမ်၊ လော့ဒန်၊ လော့မွန်၊ ငါ့ဂယန် စခန်းများကို မတ်လ ၂၇ရက်တွင် ထိုးစစ်ဆင်ခဲ့ရာ လော့မွန်တပ်စခန်း၊ ဘန်ရောင်တပ်စခန်းနှင့် ရှန်တိုင်းတောင်တပ်စခန်းတို့ကို သိမ်းပိုက်ရရှိထားကြောင်း KIA စစ်ရေးသတင်းရင်းမြစ် အချို့က အသိပေးသည်။
မတ်လ ၇ရက်မှစတင်သည့် KIA၏ ထိုးစစ်တွင် မြစ်ကြီးနား ဗန်းမော်လမ်းရှိ စစ်ကောင်စီတပ်စခန်းများ၊ တပ်ရင်းဌာနချုပ်များ KIAက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဗန်းမော်- လွယ်ဂျယ်လမ်း ရှိ စစ်စခန်းများကို မတ်လ ၂၇ရက်မှ စတင်ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
