စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အမှတ်(၁)ရဲစခန်းတွင်ဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဥ်းသား(၂)ဦးကို စစ်ကောင်စီက ရိုက်နှက်နှိပ်စက်သောကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးအသက်အန္တရာယ် စိုးရိမ်ရကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၏ တာဝန်ရှိသူများက ပြောသည်။
မတ်လ (၂၇)ရက်နေ့ကမုံရွာမြို့ အမှတ် (၁) ရဲစခန်း၌ တရားရုံးမှ ရဲစခန်းအချုပ်သို့ ပြန်လည်ရောက်ရှိလာသည့်မတရားဖမ်းဆီး ထိန်းသိမ်းခံထားရသော အကျဉ်းသားတစ်ဦးအား တရားမဝင် ပစ္စည်း သယ်ဆောင်လာသည်ဟူသော စွပ်စွဲချက်ဖြင့် ရဲတပ်သားများက ဝိုင်းဝန်း ရိုက်နှက်ခဲ့သည်။

Public Service Announcement

ထိုအချိန် ရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းခံထားရသော ချောင်းဦးမြို့နယ်လူငယ် သပိတ်ခေါင်းဆောင်ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့က မတရားနှိပ်စက်ခြင်းမပြုရန် ဝင်ပြောခဲ့ကြောင်း၊ ထိုသို့ ပြောဆိုမှုကြောင့် မုံရွာမြို့ အမှတ် (၁) ရဲစခန်း၏ စခန်းမှူး ပြည့်လင်းအောင် နှင့် ဒုဗိုလ် ကျော်ဝင်းထွန်းတို့က ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား စစ်တပ် အထိုင်ချထားသော မြို့တော်ခန်းမသို့မတ်လ (၂၈) ရက်နေ့တွင် ပို့ဆောင်ခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၏ တာဝန်ရှိသူများက ပြောသည်။
ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။
“အရင်တုန်းကတော့ တွေးခဲ့တာရှိတယ်။ ထောင်ထဲရောက်သွားပြီပဲ။ အသက်အန္တရာယ်တော့စိတ်ချရပါပြီ မသေဘူး။ စစ်ကြောရေးကလွတ်လာပြီ မသေဘူးပုံစံမျိုး တွေးမိခဲ့တယ်။ အခုအချိန်မှာမရတော့ဘူး။ စစ်အာဏာရှင်ကအဆုံးစွန်ထိယုတ်မာနေပြီဆိုတာ ပြည်သူလူထုကော တော်လှန်ရေးမှာပါဝင်နေတဲ့သူတွေပါ သတိပြုဖို့ လိုပါမယ်လို့ ပြောချင်ပါတယ်။”ဟု ကိုရှင်းသန့်က ပြောသည်။
ကျဆုံးခဲ့သော အသက်(၂၇)နှစ်အရွယ် ကိုအောင်ကျော်ဇင်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နေ့က မုံရွာသံမဏိအဖွဲ့နှင့်အတူ ဖမ်းဆီးခြင်းခံခဲ့ရသည်။

Public Service Announcement
ချောင်းဦးမြို့နယ် လူငယ်သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်မှာလည်း စစ်သားများ၏ ရိုက်နှက်နှိပ်စက်မှုကြောင့် အသက်အန္တရာယ် စိုးရိမ်နေရပြီး ကျန်းမာရေးစောင့်ရှောက်မှု အမြန်ဆုံး ခံယူရန် လိုအပ်နေကြောင်း သိရသည်။
အသက် ၃၀ ကျော် အရွယ် ကိုမာန်ဇာမြေမွန်ကို ၂၀၂၁ ဧပြီလအတွင်း စစ်ကောင်စီက ဖမ်းဝရမ်းထုတ်ခဲ့ပြီး ဇွန် ၈ ရက်တွင် ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည်။
စစ်ကောင်စီက ပေါင်တွင် ကျည်ထိထားသည့် ကိုမာန်ဇာမြေမွန်ကို စစ်ကြောရေးစခန်းတွင် ၅ ရက်ကြာ စစ်ဆေးစဉ် လက်ချောင်းများ ကျိုးသည်အထိ နှိပ်စက်ခဲ့သည်။
ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့ကို စစ်ကောင်စီက နိုင်ငံရေးပုဒ်မများအပြင် အကြမ်းဖက်ဥပဒေများဖြင့်ပါ မတရားပုဒ်မတပ်၍ ဖမ်းဆီးအကျဥ်းချထားခြင်းဖြစ်သည်။
ပြည်သူလူထုအနေဖြင့်လည်း အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများအား အမြဲမပြတ်နားစွင့်ပြီး လိုအပ်သည့်အကူအညီများ ပေးကြပါရန်နှင့် ယခုဖြစ်စဉ်အား မှတ်တမ်းတင်ထားရှိပြီး ပြည်သူ့တရားစီရင်ရေးအချိန်ကာလ ရောက်ရှိချိန်တွင် ပါဝင်ပတ်သက်ခဲ့သူများကို တရားဥပဒေနှင့်အညီ အပြစ်ပေး အရေးယူသွားနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက သဘောထားထုတ်ပြန်ထားသည်။
မုံရွာမြို့ အမှတ်(၁)ရဲစခန်း၌ အမှုမဖွင့် တရားရုံးမပို့ဘဲ တစ်နှစ်နီးပါး ချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဥ်းသား(၂၀၀) ခန့်ရှိနေသည်။
အမှတ်(၁)ရဲစခန်းအတွင်း အချုပ်ကျနေသူများမှာ အကျဉ်းထောင်များထက်ပင် ပိုဆိုးသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ခံနေကြရပြီး အသက်ရှင်သန်ပိုင်ခွင့်နှင့် ညှဉ်းပန်းနှိပ်စက်မှုမှ ကင်းလွတ်ခွင့်များပင် အာမခံချက်မရှိဘဲ စိုးရိမ်စိတ်များဖြင့်နေထိုင်နေရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေးထားသည်။
