ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ (၁၀၅)မိုင်ကုန်သွယ်ရေးဇုံနှင့် အနီးပတ်ဝန်းကျင်၌ ယမန်နေ့ နံနက်မှ ညအထိဖြစ်ခဲ့သည့်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အရာရှိနှင့် တပ်ဖွဲဝင်များသေဆုံးပြီး အရပ်သားတစ်ဦးလည်း သေနတ်ကျည် ထိမှန်သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
“တိုက်ပွဲက နေ့ခင်းရော၊ တစ်ညလုံးဖြစ်တယ်။ မနက် ၂နာရီလောက်မှာ ရပ်တယ်။ စစ်တပ်ဘက်က တပ်ရင်းမှူးနဲ့ တချို့ သေတယ်လို့ ကြားနေရတယ်။ အရာရှိ သေတာက သေချာတယ်။ ရဟတ်ယာဉ်နဲ့ အလောင်းလာကောက်တယ်”ဟု (၁၀၅)မိုင်ကုန်သွယ်ရေးဇုံအနီး နေထိုင်သူက ပြောသည်။
ယမန်နေ့(နိုဝင်ဘာ ၂၆ရက်) နေ့လယ်က(၁၀၅)မိုင် ကုန်သွယ်ရေးဇုံအနီး လုံခန်တပ်စခန်းကို မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့စဉ် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် တပ်ရင်းမှူးတစ်ဦးပါဝင်သည်ဟု ကနဦးသတင်းရရှိထားသည်။ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီသည် (၁၀၅)မိုင်ကုန်သွယ်ရေးဇုံနှင့်ပတ်ဝန်းကျင်ကို မဆုံးရှုံးစေရေးအတွက် တပ်မ (၉၉) လက်အောက်ခံတပ်ရင်းများဖြင့် အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် (၁၀၅)မိုင်ကုန်သွယ်ရေးဇုံနှင့် အနီးဝန်းကျင်ရှိ နဂါးရုံ၊ ရပ်တော်မူဘုရားတို့တွင်လည်းဝင်ရောက်တပ်စွဲထားကြောင်း သတင်းရရှိသည်။

Public Service Announcement
” ဂေါပကတွေအကုန် ဖယ်ခိုင်းပြီး ဘုရားကုန်းတွေမှာဝင်တပ်စွဲထားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့ည တိုက်ပွဲတွင် (၁၀၅)မိုင် ကုန်သွယ်ရေးဇုံအနီးမှ ဒေသခံအမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့သည်။ ယနေ့(နိုဝင်ဘာ ၂၇ရက်)နံနက်တွင် (၁၀၅)မိုင်အနီး ပစ်ခတ်သံများမကြားရကြောင်းဒေသခံများက ပြောသည်။
ယနေ့ နံနက် ၃နာရီခွဲခန့်က မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ၏ နမ့်ပေါတံတားတပ်စခန်း၊ ကျောက်မဲမြို့နယ် ကောင်းမှုးကျေးရွာအနီးတဝိုက်မှ စစ်ကောင်စီတပ်ကို နံနက်၇နာရီ၂၀မိနစ်ခန့်နှင့် လားရှိုးမြို့နယ် မိုင်းလီကျေးရွာမှ စစ်ကောင်စီတပ်ကို ယနေ့ နံနက် (၇နာရီ ၅၀မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က သတင်းထုတ်ပြန်ထားသည်။
ယမန်နေ့က ၁၀၂၇ စစ်ဆင်ရေး ၃၁ရက်မြောက်နေ့ဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ လားရှိုး၊ နောင်ချို၊ကျောက်မဲမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့တို့တွင် တိုက်ပွဲများဖြစ်ခဲ့ကြောင်းပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီက ရှမ်းပြည်မြောက်ပိုင်းရှိ ကျေးရွာများမှ အရပ်သားပြည်သူများအား ဦးတည်ပစ်မှတ်ထား၍ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှစ်လုံးအပါအဝင် လေကြောင်းမှ ဗုံးကြဲမှု ကိုးကြိမ်၊ လက်နက်ကြီးဖြင့် (၂၃)ကြိမ် ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ယမန်နေ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
