Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန်-ကနေဒါ နယ်စပ်တံတားမှာ ကားတစ်စီး အရှိန်လွန်ပြီး ယာဉ်တိုက်မှုဖြစ်လို့ နှစ်ဦးသေဆုံး

အမေရိကန်ရဲ့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီ ဟိုချူးလ်က လက်ရှိ အချိန်ထိ စုံစမ်းသိရှိထားသမျှ အချက်အလက်တွေအရ ဒီဖြစ်စဉ်ဟာ အကြမ်းဖက်မှု တခုခုနဲ့ ဆက်စပ်တာမျိုး မရှိဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန်-ကနေဒါ နယ်စပ်တံတားမှာ ကားတစ်စီး အရှိန်လွန်ပြီး ယာဉ်တိုက်မှုဖြစ်လို့ နှစ်ဦးသေဆုံး
အမေရိကန်-ကနေဒါ နယ်စပ်တံတားမှာ ကားတစ်စီး အရှိန်လွန်ပြီး ယာဉ်တိုက်မှုဖြစ်လို့ နှစ်ဦးသေဆုံး

ကနေဒါနဲ့ အမေရိကန် နယ်စပ် တံတားတစ်စင်းပေါ်မှာ ကားတစ်စီး အရှိန်လွန်ပြီး စစ်ဆေးရေး ဂိတ်တစ်ခုကို ဝင်တိုက်မိပြီး မီးလောင်သွားတာကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကမ္ဘာကျော် နိုင်ရာဂရာ ရေတံခွန်ကြီးနားက ရိန်းဘိုး တံတားမှာ နိုဝင်ဘာ ၂၂ ရက်က အဲဒီ ဖြစ်စဉ် ပေါ်ပေါက်ခဲ့တာပါ။ တံတားနဲ့ မနီးမဝေးက စစ်ဆေးရေး ဂိတ်တစ်ခုရဲ့ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ အဖြူရောင် ကားတစ်စီးဟာ ကုန်းတက် အနေအထားမှာ အရှိန်နဲ့ မောင်းရင်း လေထဲ ဝဲပျံသွားတာကို တွေ့ခဲ့ရပါတယ်။

အမေရိကန်ရဲ့ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီ ဟိုချူးလ်က လက်ရှိ အချိန်ထိ စုံစမ်းသိရှိထားသမျှ အချက်အလက်တွေအရ ဒီဖြစ်စဉ်ဟာ အကြမ်းဖက်မှု တခုခုနဲ့ ဆက်စပ်တာမျိုး မရှိဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

“နယူးယောက် အနောက်ပိုင်းက ရိန်းဘိုးတံတားမှာ ဖြစ်ပွားတဲ့ ယာဉ်တိုက်မှုဟာ အခုလက်ရှိ သိထားသလောက်၊ ကျွန်မ ထပ်ပြောပါမယ်၊ အခုလက်ရှိ အချိန်ထိ သိထားသလောက်တော့ အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု မဟုတ်ပါဘူး”လို့ ဟိုချူးလ်က ဆိုပါတယ်။

သေဆုံးသူ နှစ်ဦးစလုံးဟာ ကားပေါ်မှာ လိုက်ပါလာသူတွေဖြစ်ပြီး သူတို့ထဲက အနည်းဆုံး တစ်ယောက်ဟာ နယူးယောက် အနောက်ပိုင်း ဒေသခံဖြစ်တယ် ဆိုတာကို အတည်ပြုထားနိုင်ပါတယ်။ ယာဉ်တိုက်မှု ဖြစ်ချိန်က မတန်တဆ အရှိန်တင် မောင်းလာတဲ့ကားဟာ အမေရိကန်ဖက်ခြမ်း နယ်စပ်မှာ ရှိနေခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကနေဒါနဲ့ အမေရိကန် ထောက်လှမ်းရေးတွေက အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ ပူးပေါင်း စုံစမ်းနေတယ်လို့ သိရပါတယ်။ မျက်မြင် တဦးကတော့ သူဟာ ရှေ့မှာတင် မိုးပေါ်ပျံသွားတဲ့ကားကို မြင်လိုက်တဲ့အချိန် ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်တော့ ကားဟာ အရှိန်နဲ့ ပြန်ကျပြီး စစ်ဆေးရေးဂိတ်ရှေ့က ကွန်ကရစ်တုံးကို ဝင်တိုက်ပြီး ရပ်သွားခဲ့တယ်လို့ သူက ရှင်းပြပါတယ်။ ကားဟာ ၁၀ ပေကနေ ၁၅ ပေ အမြင့်လောက်ထိ မြောက်တက်သွားခဲ့တာလို့လည်း သူက ခန့်မှန်းပါတယ်။

အခုဖြစ်စဉ်မှာ နယ်စပ် ကာကွယ်ရေးနဲ့ အကောက်ခွန်ဌာန ဝန်ထမ်းတဦး ဒဏ်ရာ အနည်းအကျဉ်း ရခဲ့ပေမယ့် ခဏတာ စစ်ဆေးမှုတွေ ခံယူပြီးတဲ့နောက် ဆေးရုံကနေ ပြန်ဆင်းလာပါတယ်။ မော်တော်ကားက ဘာကြောင့် လွန်လွန်ကျွံကျွံ အရှိန်တင်မောင်းပြီး ဆိုးရွားတဲ့ ယာဉ်တိုက်မှု ဖြစ်ခဲ့သလဲ ဆိုတာကိုတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပါတယ်။