ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုံအတွင်း ယနေ့ နေ့လယ် ၂နာရီက လက်နက်ကြီးကျရောက် ပေါက်ကွဲပြီး ဂိုထောင်တစ်လုံးမီးလောင်နေသည်။
စစ်ကောင်စီ ဗျူဟာကုန်းဖက်မှ နေ့လယ် ၂နာရီတွင် ပစ်ခတ်သော လက်နက်ကြီးသည် ကုန်သွယ်ရေးဇုံအတွင်း တနေရာကျရောက်လပေါက်ကွဲခြင်းဟု ဒေသခံများက ပြောသည်။

“ကားကွင်းဘေးက ဂိုထောင်တစ်လုံး မီးလောင်နေတယ်။ဒရုန်းတွေ၊ လက်နက်ကြီးတွေ ဆက် ပစ်နေတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
(၁၀၅)မိုင်ကုန်သွယ်ရေးဇုံတွင် ယမန်နေ့ နိုဝင်ဘာ ၂၆ ရက် နေ့လယ်မှစ၍ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး ည ၈ နာရီခွဲခန့်တွင် ကုန်တင်ကားဝင်းအတွင်း ဗုံးသုံးလုံးကျရောက်ပေါက်ကွဲခဲ့သည်။

စစ်ကောင်စီသည် (၁၀၅)မိုင်ကုန်သွယ်ရေးဇုံနှင့်ပတ်ဝန်းကျင်ကို မဆုံးရှုံးစေရေးအတွက် တပ်မ (၉၉)လက်အောက်ခံတပ်ရင်းများဖြင့် အင်အားဖြည့်တင်းနေသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement
ထို့အပြင် (၁၀၅)မိုင်ကုန်သွယ်ရေးဇုံနှင့် အနီးဝန်းကျင်ရှိ နဂါးရုံ၊ ရပ်တော်မူဘုရားတို့တွင် ဝင်ရောက်တပ်စွဲလိုက်ကြောင်း သတင်းရရှိသည်။

ယမန်နေ့ညက တိုက်ပွဲတွင် (၁၀၅)မိုင် ကုန်သွယ်ရေးဇုံအနီးမှ ဒေသခံအမျိုးသားတစ်ဦး သေနတ်ကျည်ထိမှန်သေဆုံးခဲ့သည်။
ယနေ့(နိုဝင်ဘာ ၂၇ရက်)နံနက် ၂နာရီခန့်မှစ၍ ၁၀၅မိုင်အနီး တိုက်ပွဲငြိမ်သက်နေရာမှ နေ့လယ် ၂နာရီတွင် ပစ်ခတ်သံများပြန်လည်ထွက်ပေါ်လာခြင်းဖြစ်သည်။
