ကြို့ပင်ကောက်မြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးထားသည့် ပုစွန်ဆိတ်ဆင်ဝိုင်းသို့သွားရောက်၍ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဥ် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ပုစွန်ဆိတ်ဆင်ဝိုင်းသို့ နိုဝင်ဘာ ၂၄ ရက် နေ့လယ် ၁ နာရီခန့်တွင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၆ Black Dragon (GBK-PDF)မှ နယ်မြေရှင်းလင်းရေးနှင့် ကင်းလှည့်ရန် သွားရောက်စဥ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။



“ရန်သူ့ဘက်က ခြောက်ယောက်လောက်ရှိတယ်။ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်လောက်ကြာတယ်။ နှစ်ယောက်ထိပြီး တပ်ဆုတ်သွားတယ်။ ဘော်ဘင်ဘက်ကို”ဟု တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။
ထိတွေ့တိုက်ပွဲအတွင်း လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြကာ တော်လှန်ရေးရဲဘော်များ၏ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ဒဏ်ရာရသူများဖြင့် တပ်ဆုတ်သွားကြ၍ စခန်းအတွင်းမှ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းနိုင်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
အထက်ပါ ပုစွန်ဆိတ်ဆင်ဝိုင်းတွင် စစ်ကောင်စီတပ်က လအတန်ကြာ လာရောက်တပ်စွဲထားရာ PDF တပ်ရင်းတပ်ဖွဲ့များက ငါးကြိမ်ထက်မနည်း သွားရောက်တိုက်ခိုက်ခဲ့သည်။

Public Service Announcement
