ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင် ၂၈ဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း စစ်ကောင်စီ ဝါဒဖြန့်မီဒီယာများက စက်တင်ဘာ ၂၉ရက်တွင် ထုတ်ပြန်ခဲ့ရာ ယင်းလုပ်ရပ်သည် စစ်ကောင်စီ၏ နိုင်ငံရေးပြကွက်တစ်ခုသာဖြစ်သည်ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။
MNDAA သောင်းကျန်းသူအဖွဲ့မှ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား ကြိုဆိုလက်ခံပွဲ အခမ်းအနားကို လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်၌ ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီက ဝါဒဖြန့်ခဲ့သည်။

အဆိုပါ ၂၈ဦးသည် လွန်ခဲ့သည့် ၁၅နှစ်အတွင်း MNDAAက ထွက်ခွာသွားသူများကို စုစည်းထားခြင်းဖြစ်သည်ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောသည်။
“ဒီလူတွေဆိုတာ လက်နက်ချတဲ့သူတွေမဟုတ်ဘူး။ ဒီလူတွေဆိုတာ ဒီ၁၅နှစ်အတွင်း ခွာထွက်သူများလေ။ ဆွေမျိုးမိသားစုဆီမှာ သွားလည်တဲ့သူတွေ။ မပြန်လာဘူး။ ဒီလူတွေအားလုံး စုစည်းထားပြီး ဒီ အာဏာသိမ်းအဖွဲ့က ဒီလူတွေစုစည်းထားပြီး နိုင်ငံရေးပြကွက်တစ်ခုလုပ်ထားတာပါ”ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောကြားသည်။

စစ်ကောင်စီတပ်က ဝါဒဖြန့်ခဲ့သည့် သတင်းတွင် တရုတ်ကြိုးဆွဲလက်ပစ်ဗုံးနှင့် ကျည်ဘောက်များ၊ ကျည်များ၊ လက်နက်များ အပ်နှံလာကြောင်း MNDAA တပ်ဖွဲ့ဝင် ဝတ်စုံဝတ်သူများကို ဖော်ပြခဲ့သည်။

Public Service Announcement
ကိုးကန့်တပ်ဖွဲ့ MNDAAသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် တိုင်းရင်းသားတပ်ဖွဲ့တစ်ခုဖြစ်သည်။ လတ်တလော တိုက်ပွဲဖြစ်ပွားမှုများ မရှိသော်လည်း ယခင်နှစ်များက ကိုးကန့်ဒေသ၊ မူဆယ်၊ လားရှိုး၊ ကွတ်ခိုင်၊ လောက်ကိုင်ဒေသများ၌ တိုက်ပွဲများ ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာခဲ့သည်။
